ပခုက္ကူမြို့မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့်ချောင်း ရေလျှံပြီး မိသားစုဝင် (၄)ဦး ရေထဲမျောပါ

အောက်တိုဘာ ၈၊ The Nation Voice

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ရာ မိသားစုဝင် (၄)ဦး ရေထဲမျောပါသွားတယ်လို့ မီးသတ်ဌာနက ဒီကနေ့ အောက်တိုဘာ (၈) ရက်မှာ ထုတ်ပြန်ပါတယ်။ ပခုက္ကူနယ်မှာ မိုးဆက်တိုက်ရွာနေတာ (၅)ရက်ခန့်ရှိပြီဖြစ်ပြီး မနေ့ညပိုင်းက မိုးသက်လေပြင်းကျတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ သစ်ပင်တွေလဲကျတာ၊ ဓာတ်တိုင်များ လဲပြိုကျတာအပါအဝင် သစ်ပင်ပိသွားတဲ့ နေအိမ်တချို့လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆင်ပေါက်လှချောင်း ရေလျှံတာကြောင့် အမျိုးသမီး တစ်ဦးနဲ့ လေဖြတ်ထားတဲ့ အမျိုးသား တစ်ဦး အပါအဝင် ကလေး နှစ်ဦးရေထဲမျောပါခဲ့ရာ ပခုက္ကူခရိုင်မီးသတ်က (၃)ဖွဲ့ခွဲပြီး ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့ပေမယ့် အမျိုးသမီး တစ်ဦးကိုသာ အသက်ရှင်လျှက် ပြန်ရှာတွေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျောပါခဲ့တဲ့ မိသားစုဟာ ပခုက္ကူမြို့ ဆင်ပေါက်လှ (၈)လမ်းမှာ နေထိုင်သူတွေဖြစ်တယ်လို့ မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပခုက္ကူမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလကလည်း ရွှေချောင်း ချောင်းရေလျှံမှု ဖြစ်ခဲ့ဖူးပြီး အဲဒီချောင်းရေလျှံမှုကြောင့် ပြည်သူ (၁၀၀)ဝန်းကျင် အသက်ဆုံးရှုံးကာ နေအိမ် (၂၀၀)ခန့် ပျက်စီးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *