အောက်တိုဘာ ၈၊The Nation Voice
တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွါးနေတဲ့ ရက္ခိုင့်တပ်တော်(AA) နဲ့ စစ်ကောင်စီတပ်တို့ဟာ အောက်တိုဘာ ပထမပတ်အတွင်း တိုက်ပွဲကြီး (၁၀) ကြိမ်၊တိုက်ပွဲငယ် (၁၀) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက် (၄၀) လောက်သေဆုံးကာ ဒဏ်ရာရသူ (၂၅) ဦးထက်မနည်း ရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ စစ်မျက်နှာမှာ စစ်ကောင်စီဟာ အထိနာနေပြီး တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွါးကာ AA ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူအချို့နဲ့ ကျဆုံးသူအချို့ရှိတယ်လို့ ဆိုပါတယ်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးပြီး အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက သူတို့ရဲ့ လှုပ်ရှားတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကိုသာမက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့လည်း AA က ပြောပါတယ်။ အောက်တိုဘာလ၊ ပထမပတ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ အချိန်မတော် နေ့၊ ညမရွေး ရပ်ရွာတွေကိုပစ်မှတ်ထား ဦးတည်တိုက်ခိုက်မှုကြောင့် ရွာ (၁၃) ရွာ ထိခိုက်ခဲ့ကာ၊ အိမ် (၁၄) လုံးပျက်စီးပြီး လူ တစ်ယောက် သေဆုံး၊ ကိုးယောက် ထိခိုက်ဒဏ်ရာရတဲ့အပြင် နွား (၃) ကောင် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ရခိုင်နဲ့ ပလက်ဝရှိ စစ်ကောင်စီ တပ်စခန်းတွေကို စစ်အင်အား၊ လက်နက်ခဲယမ်းတွေကို အဆမတန် ဖြည့်တင်းနေတဲ့အတွက် ရှေ့ရက်တွေမှာလည်း တိုက်ပွဲတွေ နေရာအနှံ့ ဆက်လက် ဖြစ်ပွားလာနိုင်တယ်လို့ AA က သုံးသပ်ထားပါတယ်။




