အောက်တိုဘာ ၉၊ The Nation Voice
မကွေးတိုင်း၊ ဆိပ်ဖြူ – ဆောလမ်းပိုင်း ဖလံမရေကျော်နား ချောင်းရေ လျှံပြီး နုန်းများပို့ကာ ပျက်စီးနေတဲ့ လမ်းပိုင်းကို သွား လာရေးအဆင်ပြေစေရန် ဒီကနေ့ အောက်တိုဘာ (၉) ရက် သီတင်းကျွတ်လပြည့်နေ့မှာ ဆိပ်ဖြူဘာမထီတပ်ဖွဲ့က ပြုပြင်ပေးလျှက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
” အခါကြီးရက်ကြီးမှာကုသိုလ်လည်းရတာပေါ့ဗျာ။ သီတင်းကျွတ်မှာ ပွဲကဖို့နှုတ်ခမ်းနီတွေလည်း လိုအပ်နေပါတယ် ” လို့ ဆိပ်ဖြူဘာမထီတပ်ဖွဲ့က ဆိုပါတယ်။

တပ်ဖွဲ့အတွက် လိုအပ်တဲ့ ကျည်အပါအဝင် ကူညီပံ့ပိုးမှုတွေအတွက် အားကိုးစရာ ပြည်သူသာရှိတာမို့ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
ဆိပ်ဖြူနယ်ထဲ အောက်တိုဘာ (၁) ရက်နဲ့ (၂) ရက်နေ့တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆိပ်ဖြူ – ဆောလမ်းပိုင်းမှာ ချောင်းရေလျှံတာတွေဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးအခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီလို ချောင်းရေတွေလျှံလို့ သွားလာရေးဒုက္ခရောက်နေတဲ့ပြည်သူတွေကို ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ တပ်ရင်းမှူးနဲ့ သူ့ရဲ့ဇနီးတို့ ကိုယ်တိုင်ဦးဆောင်ပြီး ခရီးသွားပြည်သူတွေကို လိုအပ်သလို အကူအညီပေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
