တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ရှမ်းတပ် RCSS ကမ်းလှမ်း

အောက်တိုဘာ ၁၀၊ The Nation Voice

ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စုအတွင်းမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေလုပ်နေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တွေ့ဆုံဆွေးနွေးတာက တဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုတွေ လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ လူထု၊ တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေး ရည်ရွယ်တယ်လို့ အခုလို ဖိတ်ခေါ်ရတာနဲ့ပတ်သက်ပြီး အကြောင်းပြထားပါတယ်။

ဒီလိုဖိတ်ခေါ်ရာမှာလည်း ဒီကနေ့ အောက်တိုဘာ ၁၀ရက်ကနေ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ရက် အထိ ၄ လ ကြာ သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခြင်းမှသည် မဟာမိတ် ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ ကမ်းလှမ်းတာလို့လည်း RCSS က ဆိုပါတယ်။

RCSS ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ လက်နက်ကိုင် တပ်ဖြစ်ပြီး ရှမ်းတပ် SSPP ၊ တအာင်းတပ် TNLA တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တော်လှန်ရေး အဆုံးသတ် တိုက်ပွဲကို တစ်နှစ်သတ်မှတ်ပြီး စစ်အာဏာရှင် ဖြုတ်ချရေး ထိုးစစ်ဆင်မယ်လို့ ကြေညာအပြီးမှာ RCSS က အခုလို ဖိတ်ခေါ်လာတာ လည်းဖြစ်ပါတယ်။ ဒီလိုဖိတ်ခေါ်ရာမှာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့တွေကို ဖော်ပြထားတာမတွေ့ရပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *