အောက်တိုဘာ ၁၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူတွေကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် Black Wolf – PDF က သွားရောက်ကယ်တင်ရင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ Black Wolf – PDF ကထုတ်ပြန်ပါတယ်။
အောက်တိုဘာလ (၈) ရက်နေ့၊ မွန်းလွဲ (၁) နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ငါးပတ်ချောင်းကျေးရွာကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ပိတ်မိနေခဲ့လို့ Black Wolf PDF ရဲဘော်တွေက ဒေသခံကာကွယ်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်း ကယ်တင်ခဲ့ကြပါတယ်။
ကယ်ထုတ်နေစဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ ည ခုနစ်နာရီခန့်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံစဉ် သာလွန်အင်အား အသုံးပြုနေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့စဉ် ရဲဘော် BW Sniper နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြပါတယ်။
ရဲဘော် (BW SNIPER) ကို BLACK WOLF – PDF အဖွဲ့သားတွေ ပြန်လည်စုစည်းပြီး တောနင်းရှာဖွေကြရာ အောက်တိုဘာ (၉) ရက် မနက် (၇) နာရီအချိန်မှာ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ဂုတ်ပြတ်ရှ ဒဏ်ရာ၊ နောက်ကျော ထိုးသွင်း ဒဏ်ရာ တို့နဲ့ ကျဆုံးနေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


