အောက်တိုဘာ ၁၀၊ The Nation Voice
ရန်ကုန်မြို့မှာ လမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲတွေကို စစ်ကောင်စီတပ်သားတွေက လုံခြုံရေးမပေးတော့တာကြောင့် ယာဉ်ထိန်းရဲတွေ ကြောက်လန့်နေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ လမ်းစုံလမ်းခွနဲ့ ယာဥ်ထိန်းရဲတွေရှိတဲ့ ယာဉ်ထိန်းရဲကင်းတွေမှာ ဝင်ရောက်တပ်စွဲနေရာယူတာတွေကြောင့် အဲဒီနေရာတွေကို မြေအောက်တော်လှန်ရေးအဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒါကြောင့်လည်း ရန်ကုန်မြို့မှာရှိတဲ့ ယာဉ်ထိန်းရဲကင်းတွေမှာ ယာဥ်ထိန်းရဲတွေ မနေရဲတော့ပဲ ယာဥ်ဖြတ်သန်းသွားလာတာတွေကို မီးပွိုင့်စနစ်နဲ့ပဲ ထားရှိစေခဲ့တာ ယနေ့အထိပဲဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ ယာဥ်မောင်းတွေက ပြောပြပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာတော့ ရန်ကုန်က ယာဉ်ကြောကျပ်လေ့ရှိတဲ့နေရာတွေကို စစ်ကောင်စီတပ်သားတွေရဲ့ လုံခြုံရေးနဲ့ ယာဉ်ထိန်းရဲတွေက ယာဥ်လမ်းရှင်းတာတွေကို ပြုလုပ်ခဲ့ကြရပြီး နေရာတိုင်းမဟုတ်ဘဲ တစ်နေရာကို ရှင်းပြီးပါက နောက်ထပ်နေရာတခုကို ပြောင်းရွှေ့ပြီး မိုဘိုင်းလ်သဘောနဲ့ လမ်းရှင်းတာတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
“ အရင်က အနည်းဆုံးတော့ ရဲလုံခြုံရေးလောက်တော့ပါတယ်။ အခုနောက်ပိုင်း စစ်ကောင်စီတပ်သားတွေမပါတော့ဘူး။ ရဲလည်းမပါတော့ဘူး။ သီတင်းကျွတ်လပြည့်နေမှာတောင် ယာဉ်ထိန်းရဲတွေပဲရှိတယ်။ စစ်ကားတွေနဲ့ ရဲကားတွေကတော့ မြို့ကိုပတ်နေတာ။ ယာဉ်ထိန်းရဲတွေက သူတို့က လမ်းရှင်းဖို့ထက် ဘေးပတ်ဝန်းကျင်ကိုပဲကြည့်ပြီး ကြောက်နေတဲ့ပုံတွေဖြစ်နေရတယ်။ မနေ့ကဆို ဗဟန်း (၃) လမ်းမှာ လူတွေကအများကြီး၊ တယောက်ယောက်က ယာဉ်ထိန်းတစ်ဦးကို ဓါးနဲ့ထိုးရင်တောင် ဘယ်သူမှန်းသိမှာမဟုတ်ဘူး” လို့ ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။
အာဏာသိမ်းစမှာ စစ်ကောင်စီတပ်တွေက ယာဉ်ထိန်းရဲကင်းနေရာတွေကို သဲအိတ်ဘန်ကာတွေ တည်ဆောက်ပြီး လုံခြုံရေးယူခဲ့ပေမယ့် မြေအောက်တော်လှန်ရေးအဖွဲ့တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေများလာတဲ့နောက် ယာဉ်ထိန်းရဲကင်းနေရာတွေမှာ ကွန်ကရစ် နှစ်ထပ်ဘန်ကာတွေကို တည်ဆောက်ပြီး နေရာယူထားကြပါတယ်။ လက်ရှိရန်ကုန်မှာရှိတဲ့ မီးပွိုင့်နေရာတွေမှာ ယာဉ်ထိန်းရဲတွေကိုမတွေ့ရတော့ဘဲ ရွေ့လျားပုံစံမျိုးနဲ့ပဲ ယာဉ်လမ်းကြောရှင်းလင်းတာတွေကိုပြုလုပ်နေကြရပြီး တချို့နေရာတွေမှာတော့ ရဲအစောင့်အရှောက် အနည်းငယ်လောက်နဲ့ ကုန်ကားတွေကိုတားဆီးပြီး ပိုက်ဆံတောင်းနေတာမျိုးတွေကို ပြုလုပ်နေကြတယ်လို့ ယာဉ်မောင်းတွေကဆိုကြပါတယ်။ ဒီလို ယာဉ်ထိန်းရဲတွေကို လုံခြုံရေးမပေးနိုင်တော့တာဟာ စစ်ကောင်စီတပ်တွေက DC ကားတစ်စီး၊ ရဲကား(Faw) ကားတစီးနဲ့အတူ ရန်ကုန်ကို လုံခြုံရေးကင်းလှည့်နေတာတွေကြောင့် ယာဉ်ထိန်းရဲတွေကို လုံခြုံရေးမပေးနိုင်တော့တာဖြစ်နိုင်တယ်လို့လည်း မြို့ခံတွေက ဆိုကြပါတယ်။


