သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကောင်စီက ချောင်းမြောင်းတိုက်ခိုက်လို့ YDF တည်ထောင်သူ ဒုစစ်ဦးစီးချုပ် ကျဆုံး

အောက်တိုဘာ ၁၀၊ The Nation Voice

သီတင်းကျွတ်လပြည့်နေ့မှာ အများပြည်သူတွေ ဘုရားသွားကျောင်းတက်လုပ်နေချိန် Yaw Defense Force (YDF) တည်ထောင်သူ အသက် (၂၁) နှစ်အရွယ် ဒုစစ်ဦးစီးချုပ် ကိုဖြိုး ကို စစ်ကောင်စီတပ်တွေက ချောင်းမြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ Yaw Defense Force (YDF) တည်ထောင်သူအဖွဲ့ဝင် ဒုစစ်ဦးစီးချုပ် ကိုဖြိုး ကျဆုံးသွားခဲ့ရတဲ့အတွက် YDF ရဲ့ ညီနောင်မဟာမိတ်တွေ အားလုံးအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ကာလမှာ YDF နဲ့ အတူ ပူဆွေးဝမ်းနည်းမိတယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက ကြေညာထားကြပါတယ်။

ကိုဖြိုးဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးထိမှန်ဒဏ်ရာကာ ထိခိုက်သေဆုံးနိုင်မှုများခဲ့ပေမယ့် အသက်ဘေးက နှစ်ကြိမ်တိုင်တိုင် လွတ်ခဲ့ဖူးကာ ဒီတစ်ကြိမ်မှာတော့ စစ်ကောင်စီတပ်တွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရတာကြောင့် သူ့ကို အမိန့်ပြန်တမ်း ဖတ်ပေးခဲ့ရပြီလို့ ရဲဘော်တစ်ဦးက ပြောပါတယ်။ အရင်ကရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် အာရုံကြောထိခိုက်မိပြီး လမ်းလျှောက်ချိန် လဲကျနေတဲ့ ဘဝက ပြန်ကောင်းအောင်ဆေးကုကာ သူကိုယ်တိုင်လည်း စိတ်ဓါတ်ကြံ့ခိုင်တာကြောင့် ဒဏ်ရာသက်သာပေမယ့် ဘေးလွတ်ရာ နောက်တန်းမှာမနေဘဲ ရှေ့တန်းကနေပဲ စီမံကွပ်ကဲသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ သူဟာ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်လည်း ကူညီနိုင်ဖို့ အလုပ်လုပ်နိုင်တဲ့သူတစ်ဦးဖြစ်ပြီး သူကျဆုံးချိန်မှာ တပ်ဖွဲ့ဝင် ရဲဘော်တွေ မျက်ရည်ကျနေရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *