အမြန်လမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်နဲ့ အခြားနေရာတွေကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခံရပြီး စကစဘက်က (၁၀)ဦး‌ သေဆုံး

အောက်တိုဘာ ၁၀၊ The Nation Voice

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၈၃)ရှိ စစ်ကောင်စီအင်အား (၁၇)ဦးရှိတဲ့ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ(၉)ရက်၊ သီတင်းကျွတ်လပြည့်ည (၈) နာရီဝန်းကျင်မှာ ပဲခူးမြို့နယ်ပကဖ က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်‌ကောင်စီဘက်က (၄) ဦးသေဆုံးပြီး အများအပြား ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

အောက်တိုဘာ(၉)ရက်၊ နံနက် (၆) နာရီခွဲမှာလည်း ရွှေကျင်ပကဖ နဲ့ ညောင်လေးပင်ပကဖတို့ ပူးပေါင်းပြီး ပုစွန်မြောင်းကျေးရွာအုပ်စု၊ ကံမြင့်ကျေးရွာမှာ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို ရိက္ခာနဲ့ လူအင်အားလာပို့တဲ့ စစ်ကား(၂)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာ(၉)ရက်၊ နံနက် (၉) နာရီခွဲခန့်မှာ ပဲခူးမြို့နယ်၊ အင်းတကော်မြို့အပိုင် ဟံသာဝတီဂေါက်ကွင်းအနီးမှာ ရဲတပ်ကြပ် တင့်နိုင်ဦးကို အင်းတကော် ပကဖ က သေနတ်နဲ့ (၃)ချက် ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

အောက်တိုဘာ(၉)ရက်၊ မနက် (၁၀) နာရီခွဲမှာတော့ နတ်တလင်းမြို့နယ် ပျဉ်းမခေါင်အုပ်စု၊ ကရင်ဆင်ဆွဲရွာကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား(၂၃)ဦးပါဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို အဲဒီရွာထိပ်အရောက်မှာ သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ(၄)၊ MRF-Nattalin က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား လေးဦးသေပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ နန်းထိုက်အောင်စစ်ဆင်ရေးနဲ့ ရိုးမစစ်ဆင်ရေးအဖြစ် ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ ဒေါက်တိုင်တွေကို ရှင်းလင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ရှစ်ဦး၊ ရဲတပ်ကြပ် တစ်ဦးနဲ့ ပျူစောထီးခေါင်းဆောင် တစ်ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *