အောက်တိုဘာ ၁၀၊ The Nation Voice
စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Eagle People Defences အဖွဲ့ဟာ ပစ်ခတ်သူလုံခြုံစိတ်ချရပြီးဘေးကင်းစေမယ့် (၆၀)မမ လက်နက်ကြီးကို ထုတ်ဖော်ပြသလာပါတယ်။
အဲ့ဒီ (၆၀)မမလက်နက်ကြီးဟာ မီတာ(၄၀၀)ကျော်အထိပစ်ခတ်လို့ရပြီး မနေ့ကမှထုတ်လုပ်အောင်မြင်ခဲ့တာဖြစ်ပါတယ်။
ဒီလက်နက်ကြီးကိုထုတ်ရာမှာလည်း Eagle People Defences အဖွဲ့အနေနဲ့ အခက်အခဲတွေရှိခဲ့တယ်လို့ သိရပါတယ်။
“အခက်အခဲကတော့ ရှိတယ်ဗျ ကျွန်တော်တို့ ဘက်မှာက ပစ္စည်းရှာရတာကအစ အခက်တွေ့ပါတယ်။ပစ္စည်းတခုခု လိုလာရင်အနီးအနားမှ မရှိဘူး တစ်နယ်လုံးနှံ့နေအောင် ရှာရတယ်။ပစ္စည်းရှိပြန်တော့လည်း ငွေအမောင့်မမှီတော့ ရန်ပုံငွေပြန်စုရတယ် ဒီကြားထဲ ခွေးစစ်ကြောင်းထိုးလာခဲ့ရင် လုပ်လက်စအရာတွေ အကုန် လက်စဖြောက်ရတာ ခွေးကြောင်းငြိမ်နေတုန်း အမိအရ ပစ္စည်း ရှာရတယ် လက်နက်ဆက်လုပ်ရတယ်ပေါ့ဗျာ”လို့ Eagle People Defences အဖွဲ့ကတာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။
အဲ့ဒီလက်နက်ကြီးဟာ ( NUG )/(မြို့နယ် ပကဖ )တွေရဲ့ အကူအညီမပါပဲ အဖွဲ့ထဲက ရဲဘော်တွေစုပေါင်းပြီး တစ်ယောက်အကြံ တစ်ယောက်ယူကာ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
“တချို့ မစ်ရှင်တွေမှာဆိုရင် လက်နက်ကြီး အားသာတာတွေရှိတယ်။ ကျနော်တို့မှာက အားကိုးစရာဆိုလို့ လက်လုပ်သေနတ်လေးတွေရယ် ပြီးတော့ အခုလို လက်လုပ် လက်နက်ကြီးပဲရှိတာ။အခုကောင်ကို ထုတ်ဖြစ်သွားတာကတော့လက်နက်ကြီးရဲ့ အားသာချက်တွေကြောင့် သေချာလုံခြုံအောင်ပြုလုပ်ပြီး ထုတ်လုပ်ခဲ့တာပါ”လို့ Eagle People Defences အဖွဲ့က TNV ကိုပြောပါတယ်။
နောက်နောင်မှာလည်း Eagle People Defences အဖွဲ့အနေနဲ့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆက်လက်ပြီး လက်နက်တွေ ထုတ်လုပ်သွားကာ တော်လှန်ရေးအောင်နိုင်တဲ့ ဆက်လက် တော်လှန်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။



