စစ်ကောင်စီရဲ့ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ အဆင့်ထက် ကျော်လွန် စဉ်းစားထားတယ်လို့ ယာယီသမ္မတပြော

အောက်တိုဘာ ၁၁၊ The Nation Voice

စစ်ကောင်စီအနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာထင်ရှားနေပြီး အဲဒီ ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မယ် ဆိုတဲ့ အဆင့်ထက် ကျော်လွန်စဉ်းစားထားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။ “စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက် ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။

ကျွန်တော်တို့ ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိ အမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါ လရှီးလက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်နေလို့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

“စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ သူ့အာဏာအတွက်ဆိုရင် အရပ်သားပစ်မှတ်/ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားပဲ တိုက်ခိုက်နေတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုပါတယ်” လို့ ယာယီသမ္မတက သတိပေးလိုက်ပါတယ်။ အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ပြင်ဆင်ထားရမယ်လို့လည်း ယာယီသမ္မတက မှာကြားခဲ့ပြီး မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *