အောက်တိုဘာ ၁၁၊ The Nation Voice
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် နားမော်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စကစစ်ကြောင်းနဲ့ KIA,PDF ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့ Banmauk Revolution-BR က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့နေ့လည်ပိုင်းလောက်မှာ နားမော်ရွာကိုစစ်ကြောင်းထိုးလာတဲ့ စကစစ်ကြောင်းနဲ့ ဒေသခံပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
အရင်ရက်တွေကတည်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာတွေရှိခဲ့ပြီး တိုက်ပွဲအတွင်း စကစဘက်ကထိခိုက်သေဆုံးမှုများစွာရှိခဲ့ကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။
တိုက်ပွဲတွေအတွင်းမှာ ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုတချို့ရှိခဲ့ပြီး တောထဲဟင်းရှာထွက်နေတဲ့ မိသားစုမိုင်းနင်းမိကာ မိန်းကလေးနှစ်ဦး သေဆုံးကြောင်းနဲ့ကျန်မိသားစုဝင်တွေလည်း ဒဏ်ရာရရှိကြောင်း သတင်းရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
“တိုက်ပွဲအရှိန်မြင့်နေချိန်တွင် သူ့ဘက်ကိုယ့်ဘက်ထောင်ကြသောမိုင်းများကြောင့် ထိခိုက်မှုရှိနိုင်သဖြင့် တောထဲဟင်းရှာခြင်းမပြုကြပါရန် နီးစပ်ရာများက သတိပေးပြောကြားစေလိုပါသည်”လို့ BR အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စကစရဲ့ရမ်းသမ်းပစ်မှုကြောင့် ပြည်သူတစ်ဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေကြောင်းကိုလည်း ဖော်ပြထားပါတယ်။
