အောက်တိုဘာ ၁၁၊ The Nation Voice
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်က လိပ်ရ နယ်ခြားစောင့်တပ်စခန်းကို မနေ့က အောက်တိုဘာ ၁၀ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း (၃)ဦးနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။
နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်တွေ ပူးတွဲနေထိုင်ကြတဲ့ အဲဒီ တပ်စခန်း က ပြည်သူတွေရှိရာကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တဲ့ စခန်းဖြစ်ပြီး လူထုကို အနိုင်ကျင့်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲဟာ (၁)နာရီ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲမှာ ရန်သူ့ စစ်သုံ့ပန်း (၃)ဦး၊ ရန်သူ့အလောင်းတချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အရက္ခ စစ်သည်တော်တစ်ဦး ကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
အခု စခန်းသိမ်းတိုက်ပွဲဟာ AA ဘက်က အထိအခိုက် အနည်းဆုံးနဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ရခိုင်ဒေသမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ နေ့၊ ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေနဲ့လူနေအိမ် ပျက်စီးမှုတွေရှိခဲ့ပါတယ်။


