အောက်တိုဘာ ၁၁၊ The Nation Voice
စစ်ကောင်စီရဲ့ ချောင်းမြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးခဲ့ရတဲ့ Yaw Defence Force က အသက် (၂၁) နှစ်အရွယ် ဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ရက္ခိုင့်တပ်တော် (AA) က ပေးပို့လိုက်တယ်လို့ YDF က ထုတ်ပြန်ပါတယ်။ ကိုဖြိုးဟာ YDF တည်ထောင်သူ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပြီးတော့ အရည်အချင်းပြည့်ဝပြီး ပေးဆပ်စွန့်လွှတ်အနစ်နာခံကာ ရှေ့ဆုံးကဦးဆောင်တိုက်ပွဲဝင်ကာ နွေဦးတော်လှန်ရေးနဲ့အတူပေါက်ဖွားလာတဲ့ ခေါင်းဆောင်တဦးဖြစ်တယ်လို့လည်း AA ရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
တိုက်ပွဲအချို့ကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ မှတ်တမ်းရှိသူလည်းဖြစ်ကာ ရဲဘော်ရဲဖက်တွေရဲ့ ချစ်ခင်လေးစားတန်ဖိုးထားတာကို ခံခဲ့ရသူတစ်ဦးလည်းဖြစ်သလို သူ့ရဲဘော်တွေအတွက် စံနမူနာယူထိုက်တဲ့ စံပြခေါင်းဆောင်တစ်ဦးလို့လည်း ဆိုပါတယ်။
သူနေထိုင်ရာဒေသတွေမှာလည်း စာသင်ကျောင်းတွေဖွင့်လှစ်တာအပါအဝင် စစ်ကောင်စီပိတ်ထားတဲ့ စာသင်ကျောင်းတွေကို ကိုယ်တိုင်ဦးဆောင်ဖွင့်လှစ်ပေးတာတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု့လုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဦးဆောင်လုပ်ကိုင်ခဲ့တာတွေကြောင့် ပြည်သူလူထုအတွက် ပေးဆပ်အနစ်နာခံလိုစိတ်ရှိသူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးပန်းတိုင်ကိုမရောက်ခင် လမ်းခုလတ်မှာ သူ့ကိုဆုံးရှုံးလိုက်ရတာဟာ YDF အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ကောင်းမွန်ရာဘုံဘဝရောက်ပါစေလို့ သဝဏ်လွှာထဲမှာရေးသားထားပါတယ်။
