ဗန်းမောက်မြို့နယ် နားမော်ရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိသလို PDF ရဲဘော် (၆)ဦးလည်း ကျဆုံး

အောက်တိုဘာ ၁၂၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော် (၆)ဦး ကျဆုံးခဲ့ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ဗန်းမောက်၊ အင်းတော် PDF တွေအပါအဝင် ဒေသတွင်း PDF တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

“ဖြစ်တာက ၄ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတာ။ ကျဆုံးတာက မနေ့တုန်းကကျဆုံးတာ။ နားမော်ရွာ နားက တိုက်ပွဲနားမှာပဲ” လို့ အင်းတော် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

Banmauk Revolution ရဲ့ မနေ့က တိုက်ပွဲသတင်းဖော်ပြချက်မှာတော့ နားမော်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း ပါရှိပေမယ့် PDF ရဲဘော်တွေ ကျဆုံးထိခိုက်မှုရှိမရှိကို မဖော်ပြထားပါဘူး။

ဗန်းမောက်နယ်မှာ အောက်တိုဘာ ၄ရက်နေ့ကနေ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေပြီး အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်းလည်း Banmauk Revolution က မနေ့က အသိပေးထုတ်ပြန်ထားပါတယ်။

Banmauk Revolution ၏ ပုံဟောင်းအားအသုံးပြုထားခြင်းဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *