ဂန့်ဂေါမြို့နယ်အတွင်း မီးဘေးသင့်နေအိမ်အလုံး (၈၀၀)ကျော်ရှိပြီး အကူအညီများလိုအပ်နေ

အောက်တိုဘာ ၁၃၊ The Nation Voice

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေမီးရှို့ဖျက်ဆီးလို့ နေအိမ်အလုံး (၈၂၀)မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံများအကူအညီလိုအပ်နေတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ တစ်မြို့နယ်လုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာ (၂၇)ရွာရှိနေပြီး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးကိစ္စတွေအတွက် အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ” ကျွန်တော်တို့နယ်မှာက စစ်ကြောင်းထိုးလာမှပဲ စစ်ဘေးရှောင်တွေ ပိုများလာတာပါ။

မီးဘေးသင့်ပြည်သူတွေကတော့ တဲတွေထိုးပြီးနေကြရပါတယ် ” လို့ ဂန့်ဂေါမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ မြို့နယ်အုပ်ချုပ်အရေးအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ပံ့ပိုးကူညီမှုနဲ့ မီးဘေးသင့်ပြည်သူတွေကို ဆန်နဲ့ ငွေကြေးအချို့ လိုက်လံထောက်ပံ့ပေးနေတယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။ အောက်တိုဘာ (၁၂)ရက် မနေ့ကလည်း လာပို့၊ ရွာစည်နဲ့ ရွှေတောင်ကျေးရွာတွေက မီးဘေးသင့်နေအိမ် (၁၈)လုံးကို တစ်အိမ်လျှင် ဆန်တစ်တင်း၊ ငွေ (၈,၅၀၀) ကျပ်ဆီ ထောက်ပံ့ပေးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *