ဖာပွန်ခရိုင်မှာ တိုက်ပွဲတွေဆက်ဖြစ်ပြီး တပ်မဟာ(၅)ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က (၁၉)ဦး ထပ်မံသေဆုံး

အောက်တိုဘာ ၁၃၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်မှာ အောက်တိုဘာလဒုတိယပတ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၇ရက်ကနေ ၁၁ရက်နေ့အတွင်း (၅)ရက်တာကာလ စစ်ရေးအခြေအနေတွေကို မနေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဖာပွန်ခရိုင် လူသော၊ ဒွယ်လိုး၊ ဘူးသို မြို့နယ်တွေက စစ်ကောင်စီတပ်တွေကို အောက်တိုဘာ ၁၀ရက်မှာ တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၉ရက်ကလည်း ဖာပွန်မြို့အနီး ကူးဆိပ်ရွာက စစ်ကောင်စီတပ်ကို တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၁၁)ဦး သေဆုံးကာ (၁၀)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၈ရက်နဲ့ ၇ရက်နေ့တွေမှာ (၂)ရက်အတွင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၅)ဦးသေ၊(၃)ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။ အဲဒီတိုက်ပွဲတွေမှာ တပ်မဟာ(၅) ရဲဘော်တွေ ထိခိုက်ကျဆုံးမရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တို့ကလည်း ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ (၅)ရက်အတွင်းမှာ အရပ်သား ပြည်သူ (၃)ဦး ဒဏ်ရာရခဲ့ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *