ပဲခူးရိုးမအတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂) ဦး သေဆုံး

အောက်တိုဘာ ၁၄၊ The Nation Voice

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပဲခူးရိုးမဒေသတွင်း မနေ့က တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ထားပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီ ခရိုင် နတ်တလင်းမြို့နယ် အရှေ့ဘက် ကြက်မနက်ရွာနဲ့ ညောင်လေးပင်ရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)ခန့်ရှိတဲ့ စစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) နဲ့ တပ်ခွဲ (၂) တို့က ကြိုတင်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။

အဲဒီစစ်ကြောင်းဟာ ဆက်လက်ချီတက်လာတဲ့အတွက် နေ့လယ် (၁)နာရီကျော်ခန့်အချိန်မှာ ကြက်မနက်ရွာနဲ့ ညောင်လေးပင်ရွာကြားမှာပင် ထပ်မံ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းကွင်းထဲ တည့်တည့် ဝင်ရောက်လာတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ခြောက်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရသွားခဲ့တယ်လို့ဆိုပါတယ်။ နှစ်ကြိမ်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်မတိုးရဲတော့ပဲ နောက်ကြောင်းပြန်ဆုတ်သွားခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကညင်မြောင်အုပ်စု၊ မြပင်ကူးကျေးရွာမှဦ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား (၂၀) ဝန်းကျင်ရှိတဲ့ ကင်းစခန်းကို ညနေ (၄)နာရီခန့်အချိန်မှာ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ ခွဲ (၁) တပ်ဖွဲ့တွေက အလစ်အငိုက် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့ကြကာ စိုးမိုးနယ်မြေများအတွင်း ကျူးကျော်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတွေကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *