အောက်တိုဘာ ၁၄၊ The Nation Voice
သုံးနှစ် ဂူအောင်းလာတဲ့ မိုင်းဖုန်းဆရာတော်ဆိုသူဟာ စစ်ခေါင်းဆောင်ရဲ့ အခါတော်ပေးဖြစ်တဲ့ ဝစီပိတ်ကို အောက်တိုဘာ (၁၃) ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်တစ်ဦးကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မိုင်းဖုန်းဆရာတော်ဆိုသူဟာ သုံးနှစ်လောက် ဂူအောင်းခဲ့တာဖြစ်ပြီး သူပြန်ထွက်လာတဲ့အချိန်မှာ စစ်ခေါင်းဆောင်တို့အဖွဲ့က ကျိုင်းတုံမြို့ကို လာဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် လအတန်ကြာမသွားရောက်ခဲ့ဘဲ သွားရောက်တဲ့အချိန်မှာလည်း ဝစီပိတ်နဲ့ တွေ့ဆုံခဲ့တာကြောင့် ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်လို့နေပါတယ်။
သူတို့ နှစ်ဦးတွေ့ဆုံမှုကို ပြည်သူတစ်ချို့က “ မြန်မာပြည်မှာ ကိုးကွယ်စရာဘုန်းကြီးအတော်ရှားသွားပြီ “ လို့ မှတ်ချက်ပြုနေကြသလို စစ်ခေါင်းဆောင်က အခါတော်ပေးထပ်ခန့်လိုက်တာလားဆိုတဲ့ ပြောဆိုမှုတွေနဲ့ ဝေဖန်နေကြပါတယ်။ မိုင်းဖုန်းဆရာတော်ဆိုသူက ဂူအောင်းပြီးပြန်ထွက်လာတဲ့အချိန်မှာ ကျန်းမာရေးကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုသွားရောက်ဆေးကုသပြီးတဲ့နောက် နယ်လှည့်တရားဟောတာတွေပြုလုပ်ခဲ့ပြီး မနေ့ကတော့ စစ်သားအချွေအရံတွေနဲ့ ဝစီပိတ်ကိုသွားရောက်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။


