အောက်တိုဘာ ၁၅၊ The Nation Voice
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ မင်းအောင်လှိုင်က Video ကတစ်ဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA စာချုပ်ကို လေးလေးစားစား လိုက်နာပါလို့ လက်ညိုးမထိုးရုံတမယ် စစ်မိန့်၊ စစ်သံနဲ့ပြောဆိုသွားခဲ့ပါတယ်။
“ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေအရ တည်ငြိမ်အေးချမ်းမှုမရှိခြင်းနဲ့ တည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့ရဲ့ အကျိုးအပြစ်တွေကို သုံးသပ်ဆင်ခြင်ပြီး NCA စာချုပ်ရဲ့ အနှစ်သာရ ပိုမိုပီပြင်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြပါ။ NCA စာချုပ်ပါ ကတိကဝတ်တွေကို လေးလေးစားစား လိုက်နာကြပါ ” လို့ မင်းအောင်လှိုင်က အသံခပ်မာမာနဲ့ ပြောဆိုပါတယ်။ မင်းအောင်လှိုင်က လက်ရှိအချိန်မှာ သူ့ရဲ့ စစ်တပ်ကို တိုင်းရင်းသားဒေသတွေတင်မကဘဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာလည်း တပ်ဖြန့်ကာ တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်နေပြီး သူတို့စစ်ကြောင်းထိုးတဲ့ဒေသတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် တွေ့သမျှပြည်သူလူထုကို သတ်ဖြတ်နေတာကြောင့် သူတို့ကိုတော်လှန်မယ့်အဖွဲ့တွေရှိနေရင် အဲဒီဒေသက ပျက်စီးမှုတွေနဲ့ ကြုံရလိမ့်မယ်လို့ သွယ်ဝှိုက်ပြီး ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါ မင်းအောင်လှိုင်တို့စစ်အုပ်စုက ရွေးကောက်ပွဲထပ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် အဲဒီမိန့်ခွန်းမှာ ယခင်ကရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ အခွင့်အရေးတွေတောင်းဆိုနိုင်ဖို့အတွက် သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာပါပြီး လွှတ်တော်ထဲဝင်ဖို့ မက်လုံးပေးသွားခဲ့ပါသေးတယ်။
