အောက်တိုဘာ ၁၇၊ The Nation Voice
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးကျေးရွာအနီးမှာ ကျူးကျော်ဖို့ ကြိုးပမ်းလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ(၁၅)ရက်၊ ညနေ (၃) နာရီကနေ (၆) နာရီထိ တစ်ကြိမ်၊ စက်တင်ဘာ(၁၆)ရက် မနက် (၆) နာရီကနေ နေ့လယ် (၁၂) နာရီလောက်ထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ ကြာအင်းဆိပ်ကြီး စစ်ကောင်စီဗျူဟာကုန်းကနေ (၁၂၀)မမတွေနဲ့ တရစပ် ပစ်ကူပေးနေတာကြောင့် ပူးပေါင်းတပ်တွေဘက်က ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း ဘုတ်ပြင်အခြေစိုက် စကခ (၁၃)လက်အောက်ခံ ခမရ(၃၅၈) တပ်ရင်းက (၆)ဦးသေဆုံးပြီး (၂၃)ထွက်ပြေးလွတ်မြောက်ကာ ဗိုလ်မှူးတစ်ယောက်၊ ဗိုလ်ကြီးနှစ်ယောက်နဲ့ အရာခံဗိုလ်တစ်ယောက်အပါအဝင် (၁၆)ဦး လက်နက်ချကာ အရှင်ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ နဂါးနီစစ်ကြောင်းနဲ့ KNLAပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းတဲ့အခါစကစဘက်က MA1 (၇)လက်၊ MA2 (၁)လက်၊ MA3 (၇)လက်၊ MA4(၂)လက်၊ (၆၀)မမ ကွန်မန်ဒိုပြောင်း (၁)လက်၊ 5.56ကျည်အတောင့် ၁၃၀၀၊လက်ပစ်ဗုံး (၅)လုံး၊ ကပစထုတ် ၉မမ ပစ္စတို(၁)လက်၊ (၆၀)မမ ကျည်(၁)လုံး၊ RPG 7အသီး(၂)လုံး၊ ကျည်ဘောက်အပို (၂၈)ခု၊ စကားပြောစက် (၃)လုံး၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံးနဲ့ အခြားစစ်ဘက်သုံးဆိုင်ရာ စပ်ဆက်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက အသိပေးထားပါတယ်။





