အောက်တိုဘာ ၁၇၊ The Nation Voice
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ အကြမ်းဖက်စစ်တပ်က ခန့်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးနဲ့ နောက်လိုက်တစ်ဦးကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြည်သူတွေရဲ့တာဝန်ပေးချက်အရ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF)က သတင်းထုတ်ပြန်ပါတယ်။ ကျော်မိုးဦးဟာ ရဲတပ်ဖွဲ့ဘက်ကနေ အသွင်ပြောင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်လုပ်ကိုင်ကာ ပြည်သူတွေကို အကြမ်းဖက်၊ နှိပ်စက်၊ ငွေညှစ်ယုတ်မာပြီး ပြည်သူ့လစာစားကာ ပြည်သူကိုမျက်နှာမမူတဲ့အတွက် ရှင်းလင်းလိုက်တာဖြစ်တယ်လို့ (WTRF)က ဆိုပါတယ်။
WTRF အဖွဲ့ဟာ ဝမ်းတွင်းမြို့နယ်အတွင်း စကစရဲ့ ထောက်တိုင်တွေ၊ ဒလန်တွေ၊ ပျူစောထီးတွေကို အဓိကပစ်မှတ်ထား ရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။ အောက်တိုဘာ(၉)ရက်နေ့တုန်းကလည်း ပြည်သူတွေကို အကြမ်းဖက်မှုတွေလုပ်ဆောင်နေတဲ့ စကစထောက်တိုင် ဝမ်းတွင်း စခန်းမှူး စောနိုင်ဦး(ခ) ဗိုလ်စောကို WTRFအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။


