အောက်တိုဘာ ၁၇၊ The Nation Voice
ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ ပြည်သူ့တရားရုံးကို အောက်တိုဘာ (၁၁) ရက်က ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ကောင်စီက ဒီကနေ့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။ တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သော ဒေသတွင်း ဥပဒေစိုးမိုးရေး ကို စောင့်ထိန်းနိုင်ဖို့နဲ့ တရားမျှတမှုအတွက် တရားရုံး ဖွင့်လှစ်ကာ အမှုများ လက်ခံစီရင်နေပြီလို့ ဖော်ပြထားပါတယ်။
ပြည်သူ့တရားရုံး မဖွင့်လှစ်မီ တော်လှန်ရေးကာလအတွင်း CDF(ဟားခါး) အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ အမှုတွေကိုလည်း ဆက်ခံသွားမှာဖြစ်ကာ တော်လှန်ရေးပြီးတဲ့အထိ ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ ဒေသတွေမှာ တရားစီရင်ရေး ကဏ္ဍကို အကောင်အထည်ဖော်လျက်ရှိရာ ချင်းနဲ့ စစ်ကိုင်းအပါအဝင် ဒေသတွေမှာ တရားရုံးတွေ၊ ရွေ့လျားတရားရုံးတွေ၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစီအမံနဲ့အမှုအခင်းတွေဖြေရှင်းတာတွေ လုပ်ဆောင်နေပါတယ်။
