တော်လှန်ရေးအားကောင်းစေဖို့ မဟာမိတ်ဆက်ဆံရေးအင်အားကြီးအောင်လုပ်ရန် ယာယီသမ္မတ တိုက်တွန်း

အောက်တိုဘာ ၁၈၊ The Nation Voice

မြန်မာ့နွေဦးတော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နဲ့ ဦးတည်ချီတက်နေကြတာ မဟုတ်ဘဲ အားလုံးပါဝင်မှုဆိုတဲ့ မူကို ကိုင်ပြီး ချီတက်နေကြတာဖြစ်လို့ အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ပြီး နွေဦးတော်လှန်ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့အစိုးရ အဖွဲ့အစည်းအဝေးမှာ မဟာမိတ်ဆက်ဆံရေးကိစ္စကို အဓိက ပြောဆိုခဲ့ပြီးမဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့ နေရာမှာ သဘောထားအမြင် ကျဉ်းမြောင်းစွာ ချည်းကပ်လုပ်ဆောင်ဖို့ မသင့်ဘူးလို့ သတိပေးခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေး အစွဲတွေကို ကျော်နိုင်ဖို့ လိုပါလိမ့်မယ်။ မဟာမိတ်ဆက်ဆံရေးမှာ ရေတိုအကျိုးစီးပွားတွေကိုပဲ ကြည့်ပြီး လုပ်ဆောင်တာမျိုးကိုလည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ ယူဆပါတယ်။အုပ်စုအကျိုးစီးပွားတွေအပေါ်မှာပဲ ကျောက်ချနေမယ်ဆိုရင် ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ သေးငယ်ပြီး ကျုံ့ဝင်သွားပါလိမ့်မယ်။ ကြီးမားကျယ်ပြန့်ပြီး အားကောင်းတဲ့ လူထုတော်လှန်ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။

ဒါကို သတိချပ်ပြီးတော့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ မဟာမိတ်ဆက်ဆံရေး တပ်ပေါင်းစုကို အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ် ” လို့ ယာယီသမ္မတက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ မူနဲ့ လူ တခြားစီ ကင်းလွတ်နေတာမျိုး မဖြစ်အောင် သတိပြုကြဖို့ လည်း ယာယီသမ္မတက အနူးအညွှတ် မေတ္တာရပ်ခံခဲ့ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့အခါမှာလည်း ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နဲ့ ငါတကောကော လုပ်ဆောင်တာမျိုးတွေကို ရှောင်ရှားဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *