အောက်တိုဘာ ၁၈၊ The Nation Voice
တနင်္သာရီတိုင်း၊ ထားဝယ်ကနေ ထီးခီးကိုတက်လာတဲ့ အကြမ်းဖက်စစ်တပ် ခလရ-(၂၇၃)ရဲ့ ကား(၉)စီးပါ ယာဉ်တန်းဟာ အောက်တိုဘာ (၁၄) ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ကင်းပုန်းဝပ်ရာနယ်မြေ ရောက်ရှိလာခဲ့ပြီး ကြားဖြတ်တိုက်ခိုက်ခံရကာ အကြမ်းဖက် စကစအဖွဲ့ဝင်(၂၅)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ(၁၄)ရက် ညနေ(၄)နာရီလောက်မှာ ထားဝယ်ကနေ ထီးခီးကိုတက်လာတဲ့ စကစယာဉ်တန်းဟာ ပူးပေါင်းတပ်တွေရဲ့ကင်းပုန်းဝတ်ရာနယ်မြေကိုဖြတ်သန်းသွားလာချိန်မှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စကစဘက်ကအနည်းဆုံး (၁၀) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး အတည်ပြုနိုင်ခြင်း မရှိသေးတဲ့ ထိခိုက်သေဆုံးသူတွေ ရှိနိုင်တယ် လို့ထုတ်ပြန်ထားပါတယ်။ ထို့နောက် ညနေ(၅)နာရီအချိန်ခန့်မှာတော့ ခလရ-(၂၇၃)ယာဉ်တန်းရဲ့ ရှေ့ပြေးပွိုင့် စစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေက ထပ်မံမိုင်းဆွဲကာ (၄၀)မမအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စကစဘက်က (၁၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ပြီး အတည်ပြုနိုင်ခြင်း မရှိသေးတဲ့ ထိခိုက်သေဆုံးသူတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ အခြားမဟာမိတ်အများအပြားက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
