အောက်တိုဘာ ၁၈၊ The Nation Voice
မကွေးတိုင်း၊ ရေစကြိုနယ်မှာ သောင်းကြမ်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို မနေ့က အောက်တိုဘာ (၁၇) ရက်မှာ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား (၆) ဦးအထိ သေဆုံးကြောင်း ရေစကြိုမြို့နယ်(ပ.က.ဖ)က သတင်းထုတ်ပြန်ပါတယ်။ မနေ့က မနက်(၉)နာရီလောက်မှာ သံပြာချောင်းရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေက တောင်ဦးရွာအနီးမှာ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ (၂)ကြိမ်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား (၆)ဦးအထိ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အပြီး နေ့လယ် (၃) နာရီဝန်းကျင်မှာတော့ တောင်ဦးရွာကိုမီးရှို့နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ထပ်မံ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ သေးတယ်လို့ အသိပေးထားပါတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့အတူ အခြားမဟာမိတ်တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
