ဟားခါးမြို့က စစ်ကောင်စီရဲ့ စုပေါင်းရုံးမီးလောင်

အောက်တိုဘာ ၁၈၊ The Nation Voice

ချင်းပြည်နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှိရာ လုံခြုံရေးတင်းကျပ်ထားတဲ့ စုပေါင်းရုံးမှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ခဲ့တယ်လို့  ဒေသတွင်း သတင်းဌာန The Chin Journal က ဖော်ပြ ထားပါတယ်။ အောက်တိုဘာ (၁၅)ရက်က ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲရာ ဟားခါးခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား နှစ်စီး မီးလောင်သွားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ  ရက်ပိုင်းအတွင်း အခုလို ထပ်မံမီးလောင်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့  အောက်တိုဘာ (၁၈)ရက် မနက် အစော (၂) နာရီခန့်မှာ  ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ  စုပေါင်းရုံးအဆောက်အအုံ မီးလောင်သွားရာ  မြို့နယ်ထွေအုပ်ရုံးခန်းနဲ့  မြို့နယ် စည်ပင်ရုံးခန်း မီးလောင်ခဲ့တယ်လို့  စုပေါင်းရုံးဝန်ထမ်းနဲ့ နီးစပ်တဲ့ ဒေသခံရဲ့ ပြောကြားချက်ကို ဖော်ပြထားပါတယ်။ အခုရက်ပိုင်းအတွင်း ဟားခါးမြို့ပေါ်မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို ဟားခါး – ထန်တလန်ကြားမှာလည်း ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)ပြောရေးဆိုခွင့်ရှိသူနဲ့ ဟားခါး CDF တာဝန်ရှိသူတို့ထံ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *