အောက်တိုဘာ ၁၉၊ The Nation Voice
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ထောက်ပို့ကားတစ်စီးကို မနေ့က အောက်တိုဘာ(၁၈)ရက်နေ့မှာ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ မနေ့က မနက်(၁၁)နာရီကျော်လောက်မှာ အကြမ်းဖက်စစ်အုပ်စုကားကို ကြာနီကန်ကျေးရွာနဲ့ ထီးတော်မိုးကျေးရွာကြားက ချောက်ပျားပေါက်တံတားအနီးမှာ PDF တွေက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် အကြမ်းဖက်စစ်အုပ်စုကားဟာ ထိခိုက်ပျက်စီးကာ တိမ်းမှောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က (၃)ဦးသေ၊ (၅)ဦးအပြင်းအထန်ဒဏ်ရာရကာ လူနာတင်ကား(၅)စီးနဲ့လာရောက်ခေါ်ဆောင်သွားပြီး အနီးအနားကို လက်နက်ငယ်တွေနဲ့ အချက်ရေပေါင်းများစွာ ပစ်ခတ်သွားကြောင်း အသိပေးထားပါတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့အတူ Generation Z Power (GZP) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
