အောက်တိုဘာ ၁၉၊ The Nation Voice
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကားပင်အုပ်စု၊ အုတ်ဖိုရွာသစ်ကျေးရွာက အကြမ်းဖက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒီကနေ့မနက်ပိုင်းမှာ သွားရောက်ရှင်းလင်းလိုက်ကြောင်း နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ ဒီကနေ့မနက် (၆)နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ဒေါက်တိုင် အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီးဆိုသူကို သွားရောက်ပစ်ခတ် ရှင်းလိုက်လိုက်တာဖြစ်ပြီး လက်လုပ် ပွိုင့်22 တစ်လက်နဲ့ ကျည်(၄)တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
” ဒလန်အုပ်ကြီး ကိုင်ဆောင်တဲ့လက်နက်နံပါတ်က စကစက နံပါတ်နဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။ MDY 0177၊ ရှင်းလင်းတဲ့နေရာမှာ ပြန်လည်ခုခံတာတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘဲ သုတ်သင်နိုင်ခဲ့ပါတယ် ” လို့ နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။ အုပ်ချုပ်ရေးမှူး အောင်ဝင်းကြီးဆိုသူဟာ အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းကာ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်၊ ခြိမ်းခြောက်ငွေညှစ်တာတွေကြောင့် အခုလိုရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ MDY PDF(Mongoose Squadron)တပ်ခွဲတို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရှင်းလင်းမှုဖြစ်စဉ်အပြီးမှာ အုပ်ချုပ်ရေးမှူးအရှင်းခံရတဲ့နေရာကို လာရောက်စစ်ဆေးတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီကနေ့မနက်(၁၀)နာရီကျော်လောက်မှာ စျေးသစ်ကျေးရွာနဲ့ တံတားကုန်းကျေးရွာအကြားမှာ ပဒေသာမိုင်း(၄)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား (၂) ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပါသေးတယ်။
