ယင်းမာပင် ရင်ပေါင်တိုင်ရွာ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက်စစ်သားတွေ ချ

အောက်တိုဘာ ၁၉၊ The Nation Voice

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာ ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့မနက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး စစ်အင်အားတွေချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ (၁၉) ရက်မနက်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီး၊ ထောက်ပို့ရဟတ်ယာဉ် နှစ်စီးနဲ့ တစ်ပြိုင်တည်း လာရောက် ပစ်ခတ်ကာ အကြမ်းဖက်စစ်အင်အားတွေကို ရွာပတ်ဝန်းကျင်မှာ ချသွားသလို ထပ်မံပို့ဆောင်တာလည်းရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အထိအခိုက်တွေရှိနိုင်တယ်။  ပစ်ပြီးမှ အရင်တစ်ခါလိုဝင်တာ။ ကျွန်တော်တို့လည်း ရှောင်ထွက်ထားရတာဆိုတော့ သတင်းက ထောက်တုန်းဗျ ” လို့ ရင်ပေါင်တိုင်ရွာခံက The Nation Voice ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စစ်ကောင်စီတပ်ဟာ ရင်ပေါင်တိုင်ရွာကို အခုလိုပဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ သေဆုံးတာ ဖမ်းဆီးခံရတာ၊ နေအိမ်တွေမီးရှို့ခံရတာတွေဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လို့ လူ ဆယ်နဲ့ချီသေဆုံးခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ အဲဒီတုန်းက ဒေသခံတွေက ပြောပြာခဲ့ပါတယ်။ ယင်းမာပင် ၊ ပုလဲအပါအဝင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေ ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းလာတဲ့အခြေအနေမှာ စစ်ကောင်စီတပ်တွေအနေနဲ့ ခြေလျင်၊ မော်တော်ယာဉ်တွေနဲ့ သွားဖို့ အရင်လို အဆင်မပြေတော့တာမို့ ရဟတ်ယာဉ်အသုံးပြု စီးနင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

မကြာသေးမီကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က သတင်းအရဆိုပြီး လေကြောင်းက လာရောက်ပစ်ခတ်ခဲ့ရာ ကလေးငယ်တွေ စာသင်နေတဲ့ စာသင်ကျောင်းကို ပစ်ခတ်ခဲ့လို့ ကလေးငယ် အများအပြား သေဆုံးထိခိုက်တာအပါအဝင် ဒေသခံ ပြည်သူတွေ သေဆုံးထိခိုက်များခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *