အောက်တိုဘာ ၁၉၊ The Nation Voice
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းမှာရှိတဲ့ အင်းစိန်ထောင်ဗူးဂိတ်မှာ ဒီနေ့မနက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာတွေဖြစ်ပေါ်ခဲ့တယ်လို့ ထောင်အနီးမှာနေသူတွေက ပြောပါတယ်။ ဒီမနက် (၉) နာရီကျော်အချိန်က အင်းစိန်ထောင်ဗူးဝဂိတ်ဘေးမှာ ဖွင့်လှစ်ထားတဲ့ ထောင်ဝင်စာတွေ့ဖို့ စစ်ဆေးတဲ့အခန်းမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထောင်ဝင်စာလာရောက်တွေ့ဆုံတဲ့သူတွေနဲ့ ထောင်ဝန်ထမ်းတွေ ထိမှန်ကာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒုတိယဗုံးတစ်လုံးပေါက်ကွဲပြီးတဲ့နောက် လုံခြုံရေးယူထားတဲ့စစ်တပ်က ဘယ်ကိုပစ်လို့ ပစ်မှန်းမသိဘဲ သေနတ်နဲ့ လေးငါးချက် ပစ်ခတ်ခဲ့တယ်လို့ အနီးနားနေသူတွေက ဆိုပါတယ်။ အဲဒီနောက် စစ်တပ်နဲ့ ရဲတွေ အများအပြားရောက်ရှိလာပြီး ထောင်ရှေ့မှာ ရှာဖွေစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး ယနေ့ထောင်ဝင်စာအတွက်ကိုလည်း ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ အင်းစိန်ထောင်ဟာ မကြာခဏတိုက်ခိုက်ခံနေရတဲ့ နေရာတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေကို မိလ္လာပုံး ထမ်းခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ကျဉ်းတွေရိုက်နှက်ခံရပြီးနောက် ယနေ့မှာတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်မှာ အောက်တိုဘာလ (၁၉) ရက် မနက် (၉) နာရီ (၄၀) မိနစ်က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကျဉ်းဦးစီးဌာနဝန်ထမ်း သုံးဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းဖြန့်ထားပါတယ်။
