အောက်တိုဘာ ၁၉၊ The Nation Voice
ဒီကနေ့မနက်ပိုင်းကဖြစ်ခဲ့တဲ့ အင်းစိန်ထောင်ရှေ့ ဗုံးပေါက်ကွဲမှုမှာ ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ)ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ကျဉ်းမိသားစုဝင်အချို့လည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ကိုဂျိမ်းရဲ့ မိခင်ဖြစ်သူ ဒေါ်ကြည်မြင့်ဟာ သားဖြစ်သူအတွက် ထောင်ဝင်စာသွားပို့တဲ့ချိန် ဒီကနေ့မနက်(၉)နာရီ
ကျော်လောက်မှာ ဗုံးပေါက်ကွဲပြီး ဗုံးဆံထိမှန် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုဂျိမ်း(ခ)ကိုလင်းထက်နိုင်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လ မှာ
အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ၅၀၅(ခ)နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံခဲ့ရကာ အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတာ ဖြစ်ပါတယ်။

အင်းစိန်ထောင် ဗုံးကွဲမှုဖြစ်စဉ်မှာ ကိုလင်းထက်နိုင်ရဲ့ မိခင် သေဆုံးခဲ့သလို အခြားသော နိုင်ကျဉ်း(၄) ဦးရဲ့ မိသားစုဝင်တွေဟာလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်းစိန်ထောင်ဟာ မကြာခဏတိုက်ခိုက်ခံနေရတဲ့ နေရာ တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသား တွေကို မိလ္လာပုံး ထမ်းခိုင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ နိုင် ကျဉ်းတွေ ရိုက်နှက်ခံရပြီးနောက် ယနေ့မှာတော့ ဗုံး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ် ရပ်ကွက်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်မှာ အောက်တိုဘာလ (၁၉) ရက် မနက် (၉) နာရီ (၄၀) မိနစ် က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကျဉ်းဦးစီးဌာန ဝန်ထမ်း သုံးဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းဖြန့်ထားပါတယ်။
မွန်းလွဲ (၃) နာရီအထိ ရရှိတဲ့ သတင်းတွေအရ ဝန်ထမ်း (၃)ဦး၊ ပြည်သူ (၅) ဦး သေဆုံးပြီး ပြည်သူ (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို The Nation Voice အနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။
