အင်းတော်မြို့နယ်က ရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းက တိုက်ခိုက်လို့ နေအိမ်ပျက်စီးမှုရှိ

အောက်တိုဘာ ၂၀၊ The Nation Voice

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ (၂၀) ရက် နေ့လယ်ပိုင်းမှာ အင်းတော်မြို့နယ် အောင်းကုန်း၊ နန့်သာနဲ့ အင်ပင်ရွာတကြောကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ တိုက်ပွဲမရှိဘဲနဲ့ သူတို့က ထွက်ချင်လို့ လမ်းကြောင်းရှင်းတဲ့အနေနဲ့ ပစ်တာပေါ့။ အိမ်တွေတော့ ထိတယ်ပြောတယ်။ အခုက ရွာသားတွေက အဲဒီအထဲလည်းမဝင်ရဲသေးဘူး။ အဲဒီဘက်က ဖုန်းလိုင်းဖြတ်ထားတော့ ဖုန်းတွေက ဆက်လို့မရဘူး။ လူကတော့ မထိခိုက်လောက်ဘူး အကုန်လုံးရှောင်နေကြတာဆိုတော့ ” လို့ အင်းတော် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီ အောင်းကုန်းရွာမှာ အောက်တိုဘာ (၁၈) ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အင်အား (၆၀) လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေ ရွာထဲကို စစ်ကြောင်းထိုးလာလို့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က အထိနာခဲ့လို့ လေကြောင်း ပစ်ကူပေးတာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ လုပ်ဆောင်ခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ကြောင်း Indaw Revolution က ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

အင်းတော်မြို့အထွက်က စစ်ဆေးရေးဂိတ်တစ်ခုကိုလည်း ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ (၁၉) ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *