အောက်တိုဘာ ၂၀၊ The Nation Voice
စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Farmers Revolution Force-CHU အဖွဲ့ဟာ (၇၀)မမ အဖူးထည့်ပြီးပစ်ခတ်ရတဲ့ Howitzerလက်နက်ကြီး ထုတ်လုပ်အောင်မြင်ပြီဖြစ်ကြောင်း အသိပေးထုတ်ဖော် ပြသလာပါတယ်။ အဆိုပါ လက်နက်ကို ထုတ်လုပ်ခဲ့တာဟာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး လုံခြုံအောင်စမ်းသပ်ပြီးမှ တင်လိုက်တာဖြစ်တယ်လို့ FRF-CHU အဖွဲ့ထံက သိရပါတယ်။ ” ထုတ်တာကြာပြီဗျ၊ မနေ့ကမှ တင်လိုက်တာ။ သုံးလို့ရပြီ ပွဲဦးတော့မထုတ်ရသေးပါဘူး။ ကျွန်တော်တို့ အများကြီး စမ်းပြီးပါပြီ။မို င်လောက်အထိ ပစ်လို့ရပါတယ် ” လို့ FRF-CHUအဖွဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကို ပြောပါတယ်။
Howitzerလက်နက်ကြီးကို ထုတ်လုပ်ရာမှာ အခက်အခဲအချို့လည်း ရှိခဲ့တယ်လို့ သူကဆိုပါတယ်။
” အာဏာရှင်အမြစ်ပြတ်ရေးက အဓိကပေါ့။ သူတို့ကို လက်နက်ကြီးနဲ့ အထိနာအောင် ဆော်ချင်တာ၊ လိုင်းသုံးလို့ရတဲ့အခါ အင်တာနက်ပေါ်က ရှာဖွေ၊ မသိတာတွေကို ဆရာတွေဆီမေး၊ YouTube တွေကြည့်ပြီး ထုတ်ဖြစ်တာပါ။ ပစ္စည်းကုန်ကြမ်းဝယ်ရတာကအစ စမ်းသပ်ပစ်ခတ်တဲ့အထိ အခက်အခဲတွေကြားထဲက ကြိုးစားရတာပေါ့ဗျာ ” လို့ သူကဆက်ရှင်းပြပါတယ်။ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှပါဝင်ကူညီပေးကြဖို့ကိုလည်း သူကပြောဆိုထားပါသေးတယ်။ လက်ရှိမှာ FRF-CHUအဖွဲ့အနေနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့အတူပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ ရေယာဉ်အုပ်စုနဲ့ ကားယာဉ်တန်းတွေကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်တာ၊ စစ်အုပ်စု အထိုင်ချတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပါတယ်။


