အောက်တိုဘာ ၂၁၊ The Nation Voice
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေကာ အကြမ်းဖက်စစ်သားတွေကို လက်နက်နဲ့အတူဖမ်းဆီးရမိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ပြန်ကြားရေးဖြစ်တဲ့ PVTV က ထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ် KTLA တို့ ပူးပေါင်းပြီးတော့ ဒီနေ့မနက်က စတင်ပြီး ကော့ကရိတ်မြို့သိမ်း တိုက်ပွဲကို စတင်ခဲ့တာပါ။
ဒါ့အပြင် LION Battalion Commando Special Force ရဲ့ မြို့ပြအစီအစဉ် မြို့သိမ်းမစ်ရှင် ဗျူဟာမှူး အယ်ဆေးဝါးဦးဆောင်ပြီး KNLA နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေနဲ့ ပါဝင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ မြေပြင်တိုက်ပွဲမှာတော့ ကော့ကရိတ်မြို့အစွန် အစိုးရဝန်ထမ်းအိမ်ယာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး PVTV က ရရှိထားတဲ့ အချက်အလက်တွေအရ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်သားတွေကို လက်နက်နဲ့ အရှင်ဖမ်းဆီးရမိထားမှုတွေရှိနေသလို ရဲတွေလည်း သေဆုံးနေတယ်လို့ ဆိုပါတယ်။
LION Battalion Commando Special Force က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြို့သိမ်းတိုက်ပွဲတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့စီစဉ်နေတယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ တိုက်ခိုက်ခံရပြီး အထိနာနေတဲ့ စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ မြေပြင်တပ် ခလရ (၉၇) က ပစ်ခတ်တဲ့ မော်တာကျည်တွေကြောင့် လူနေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေ သေဆုံး ၊ ဒဏ်ရာ ရတာတွေရှိနေပါတယ်။

