အောက်တိုဘာ ၂၁၊ The Nation Voice
Lion Battalion Commando -ဗျူဟာစစ်ကြောင်းရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်ပြီး မိတ်ဘက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွဲနေပြီဖြစ်တယ်လို့ တိုက်ပွဲဝင်နေတဲ့ Lion Battalion Commando နဲ့ ကျားဖြူစစ်ကြောင်းက ကြေညာပါတယ်။
ဒီနေ့တိုက်ပွဲဖြစ်နေစဉ်မှာပဲ ကော့ကရိတ်ထောင်ကိုဖွင့်ပေးလိုက်နိုင်ပြီး လွတ်မြောက်လာတဲ့ ဖမ်းဆီးခံထားရသူတွေက တိုက်ပွဲမှာပူးပေါင်းပါဝင်နေတယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
“ ကျွန်တော်တို့ ကျားဖြူစစ်ကြောင်းနဲ့ ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိတဲ့ပူးပေါင်းတပ်ဖွဲ့များ ကရင်ပြည်နယ် ကော့ကရိတ်မှာ မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေပါပြီ မနက် (၇) နာရီကပါ။ လက်ရှိမှာ မြို့ပတ်ပတ်လည်ကို KNLA နဲ့ ပူးပေါင်း အဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းနဲ့ လှည့်နေပြီ ဖြစ်ပါတယ်။ နောက်ဆုံး update က ကော့ကရိတ်ထောင်ကိုလည်း ဖွင့်လိုက်နိုင်ပြီး ဖြစ်ပါတယ်၊ အားလုံးလည်း လွတ်သွားကြပြီး ပူးပေါင်း တိုက်ပွဲဝင်နေကြပါတယ် ” လို့ ကျားဖြူစစ်ကြောင်းက ရေးသားဖော်ပြထားပါတယ်။
လက်ရှိမှာတော့ စစ်တပ်က တိုက်လေယာဥ်တွေနဲ့ ဗုံးကျဲနေပါတယ်။
“ဒါကတော့ ကြိုတင်မျှော်လင့်ပြီးသားမို့ကြိုဆင်ပြင်ဆင်မှု အားကောင်းကောင်း နဲ့ ကော့ကရိတ်မြို့ကို သိမ်းဖို့စတင်တာပါ။ အားလုံးရဲ့ ဆုတောင်းသံတွေနဲ့ကျွန်တော်တို့ တစ်သားတည်း ကော့ကရိတ်ကနေ တစ်နိုင်ငံလုံး ကို ပြန်သိမ်းကြပါမယ်။ အခု အမေတို့ အစ်မတို့ အစ်ကိုတို့ ညီတို့ရဲ့ မေတ္တာပို့ ဆုတောင်းသံတွေ လိုအပ်နေပါတယ်။ ရိက္ခာနဲ့ လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းဖို့ လိုအပ်ချက်တွေရှိနေသေးတာကြောင့် ပြည်သူများကလည်း ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ် ” လို့ ကျားဖြူစစ်ကြောင်းက တောင်းဆိုထားပါတယ်။
ဒါ့အပြင် Lion Battalion – ဗျူဟာစစ်ကြောင်း နဲ့ သက်ဆိုင်တဲ့ စစ်ရေးသတင်းတွေကို စစ်ကြောင်းရဲ့တရားဝင်လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Lion Battalion Commando Special Force ရဲ့ Facebook Page က အချိန်နဲ့ တပြေးညီထုတ်ပြန်ကြေညာသွားမှာလည်းဖြစ်ပြီး အနီးကပ်တိုက်ပွဲဖြစ်တဲ့အတွက် ရဲဘော်တွေကို လက်နက်ခဲယမ်းထောက်ပံ့ပေးဖို့ ပြည်သူတွေကိုတောင်းဆိုထားပါသေးတယ်။
ကော့ကရိတ်မြို့တိုက်ပွဲကြောင့် မြဝတီမြို့ကဘဏ်တွေ အကုန်ပိတ်လိုက်ပြီး မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ကာ ဖြတ်သန်းခွင့်မပြုတော့သလို မြို့တွင်းမှာလည်း အသွားအလာရှင်းလင်းနေတယ်လို့ သိရပါတယ်။ မြဝတီဒေသခံအချို့ကတော့ မဲဆောက်ဘက်ကို ကူးပြောင်းနေပြီဖြစ်တယ်လို့လဲ ဒေသခံတွေကဆိုပါတယ်။
မြဝတီနဲ့ ကော့ကရိတ်လမ်းပိုင်း သာမည၊ ကောကဒါနဲ့ ကော့ကရိတ်ကြားမှာ စစ်ကောင်စီတပ်တွေနဲ့ BGF တပ်တွေက နေရာယူထားကြတယ်လို့လည်း ဒေသခံတွေက သတင်းပေးထားပါတယ်။
