ဗန်းမောက်မြို့နယ် ကြောင်လည်ရွာနဲ့ မံယူးကြီးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်၊ အမျိုးသမီး(၁)ဦးသေဆုံးပြီး ကလေးငယ်တွေ ဒဏ်ရာရ

အောက်တိုဘာ ၂၁၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်၊ကြောင်လည်ရွာနဲ့ မံယူးကြီးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ မံယူးကြီးရွာကို စစ်ကောင်စီတပ်က မနေ့ ကအောက်တိုဘာ ၂၀ မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခဲ့ တာဖြစ်ပြီး ဒီကနေ့ နေ့လည်ပိုင်းမှာကြောင်လည်ရွာကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မံယူးကြီးရွာမှာ ကျေးရွာဆေးပေးခန်းအတွက် လုပ်အားပေးနေစဉ် လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် (၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ မံယူးကြီးမှာက အမျိုးသမီးတစ်ဦးသေဆုံးတယ်။ ၆ဦးထက်မနည်းပေါ့ ဒဏ်ရာရတာက။ အဲဒီထက်လည်း ပိုနိုင်တယ်လို့ပြောတယ်။အခု ဗန်းမောက် ကြောင်လည်မှာ လေကြောင်းနဲ့ ထပ်တိုက်ခိုက်နေတယ်။ ဒီနေ့ ၁နာရီ ၁၅လောက်မှာ” လို့ ဒေသခံက ပြောပါတယ်။ ကြောင်လည်ရွာ တိုက်ခိုက်မှု ဖြစ်စဉ်မှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။ ပုံစာ – အောက်တိုဘာ ၁၈ရက်နေ့ညနေပိုင်းကအင်းတော်မြို့နယ်အောင်ကုန်းရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုနဲ့မီးရှို့မှုတို့ကြောင့်ပျက်စီးသွားသည့်နေအိမ်များဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *