ပုလောမြို့နယ်အတွင်း ပြည်သူကိုအတင်းအကြပ် ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စကစ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်

အောက်တိုဘာ ၂၂၊ The Nation Voice

တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းမှာ လမ်းသွား လမ်းလာ ပြည်သူတွေကို ဂိတ်ချပြီး အတင်းအကြပ် ဆက်ကြေးကောက်ခံနေတဲ့ အကြမ်းဖက်စကစရဲ့စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ(၂၀) ရက်နေ့က ပူးပေါင်းအဖွဲ့တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၀)ရက် ညနေ(၆)နာရီလောက်မှာ ပုလောမြို့နယ်၊တိုကျေးရွာအတွင်း အကြမ်းဖက်စကစ စစ်ဆေးရေးဂိတ်ကင်းတဲကို ပူးပေါင်းအဖွဲ့တွေက အရင်ဆုံး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပူးပေါင်းအဖွဲ့တွေဘက်က လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့တွေရဲ့ပစ်ခတ်မှုတွေကြောင့် အကြမ်းဖက် စကစဘက်က(၁)ဦးသေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း(၁)နဲ့အတူတောကြီးမြွေဟောက်တပ်ဖွဲ့ (King Cobra Force) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *