အောက်တိုဘာ ၂၃၊The Nation Voice
မန္တလေးတိုင်း၊မတ္တရာမြို့နယ် အတွင်းမှာ ပြည်သူတွေကိုတွေကိုအကြမ်းဖက်၊သောင်းကြမ်းနေတဲ့ အကြမ်းဖက်စကစတပ်ကို မနေ့ကအောက်တိုဘာ(၂၂)ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။ မနေ့က မနက်ပိုင်းလောက်မှာ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာက အပြစ်မဲ့ပြည်သူ(၂)ဦးနဲ့ ဝန်ထမ်း(၁)ဦးတို့ကို မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖြတ်စီးခဲ့တဲ့ အကြမ်းဖက်စကစတပ်ဟာ မနက်(၇)နာရီဝန်းကျင်လောက်မှာ ဇီးဖြူပင်ကျေးရွာက ပြည်သူပိုင် သစ်တောရုံးကို ဝင်ရောက်စီးနင်းချိန် ပူးပေါင်းအဖွဲ့တွေက အဆင်သင့်ထောင်ထားတဲ့ ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စကစဘက်က အရာရှိ(၂)ဦးအပါအဝင်(၁၂)ဦးသေဆုံးသွားခဲ့ကြောင်း မြေပြင်သတင်းတွေအရသိရှိရတယ်လို့ အသိပေးထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ နဂါးညီနောင်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ MDY PDF(Mongoose Squadron)တပ်ခွဲ၊ ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့ကအတူ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စကစတပ်ကိုအရှိန်အဟုန်မြှင့်တော်လှန်တိုက်ထုတ်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးအဖွဲ့တွေကထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာပေးကြဖို့ကို နဂါးညီနောင်ပြည် သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံထားပါသေးတယ်။
