အောက်တိုဘာ ၂၃၊ The Nation Voice
စစ်ကိုင်းတိုင်း ကသာခရိုင် မိုးဒါးလေးဘက်က ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ ရိက္ခာသင်္ဘောတွေဟာ ရွှေကူဘက်ကို ဒီနေ့ ဖြတ်သန်းနေပြီး ဖြတ်လာခဲ့တဲ့လမ်းတလျှောက်မှာ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ အကြီးအကျယ်လုံခြုံရေး ပေးနေရတယ်လို့ မြို့လှ PDF က အသိပေးဖော်ပြထားပါတယ်။ မန္တလေးကနေ ထွက်ခွါလာတဲ့ အဲဒီရိက္ခာတင်သင်္ဘောတွေဟာ လမ်းတလျှောက် မြစ်ကမ်းဘေးမှာရှိတဲ့နေရာတွေကို ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ရိက္ခာတင်သင်္ဘော တွေဟာ ဘယ်အထိသွားရောက်မယ်ဆိုတာမသိရသေးဘဲ လုံခြုရေး အခြေအနေကတော့ မြေပြင်ရော ဝေဟင်ပါ လိုက်ပါစောင့်ရှောက်နေပြီး ယခုအခါ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဘိုကုန်းရွာကို ကျော်လာပြီဖြစ်တယ်လို့ မြို့လှ PDF ကဆိုပါတယ်။ စစ်ကောင်စီရိက္ခာတင်သင်္ဘောတွေ မဖြတ်သန်းခင်က ရေကြောင်းလုံခြုံရေးယူဖို့အတွက် ဧရာဝတီမြစ်ကမ်းနားဘေးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လှည့်လည်သွားလာတာတွေပြုလုပ်နေတဲ့ အနီးအနားရှိကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးတဲ့နေရာမှာနေဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။



