အောက်တိုဘာ ၂၄၊ The Nation Voice
ကချင်ပြည်နယ်၊ ဖားကန့် တေးဂီတ ဖျော်ဖြေပွဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာကြောင့် ကချင်အနုပညာရှင် လေးဦးနဲ့ ပြည်သူအယောက် ၅၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူတွေထဲမှာ ကချင်နာမည်ကြီး အဆိုတော် Aurali ၊ အမျိုးသမီး အဆိုတော် Galau Yaw Lwi (Yungwi Shayi) ၊သရုပ်ဆောင် ဇော်ဒိန် Zau Ding Lahtaw နဲ့ ကီးဘုတ်တီးခတ်သူ Ko King (Keyboard)တို့ဖြစ်တယ်လို့ ကချင်မီဒီယာတွေကဖော်ပြထားပါတယ်။ ဒါပေမယ့် ကချင်နာမည်ကြီး သရုပ်ဆောင် ဇော်ဒိန် Zau Ding Lahtaw သေဆုံးတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
အောက်တိုဘာ (၂၃)ရက်၊ ည (၈) နာရီ (၄၀) မိနစ်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေနဲ့ ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနား ကျင်းပနေတဲ့အချိန်မှာ အကြောင်းပြချက်မရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီအခမ်းအနားကို KIA က အရာရှိအချို့လည်းတက်ရောက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့အထဲမှာ သူတို့လည်းပါဝင်တယ်လို့ ကချင်သတင်းတွေအရ သိရပါတယ်။



