အောက်တိုဘာ ၂၄၊The Nation Voice
မန္တလေးမြို့အတွင်းက ထုံးဘိုမင်္ဂလာ တံတားအနီးမှာ အကြမ်းဖက်စကစတပ်သား(၁၅)ဦးလိုက်ပါလာတဲ့ ဖောကားတစ်စီးကို မနေ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Generation Z Power-GZP( Mandalay)က သတင်းထုတ်ပြန်ပါတယ်။ မနေ့က မနက်(၁၀)နာရီလောက်မှာ အကြမ်းဖက်စကစရဲ့ ဖောကားတစ်ကို ပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်း(၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါ အကြမ်းဖက်စကစတပ်သား(၄)ဦးဟာ ကားပေါ်ကလွင့်စင်ကာ သေဆုံးသွားပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ Generation Z Power-GZP( Mandalay)နဲ့အတူ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ GZP အဖွဲ့ဟာ အောက်တိုဘာ(၁၀)ရက်နေ့တုန်းကလည်း အကြမ်းဖက်စကစရဲ့ ထောက်ပို့ယာဉ်တစ်စီးကို ကြာနီကန်ကျေးရွာနဲ့ ထီးတော်မိုးကျေးရွာအကြားမှာ ပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စကစဘက်က (၃)ဦးသေဆုံးခဲ့ပါသေးတယ်။
