အောက်တိုဘာ ၂၅၊ The Nation Voice
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် အနန့်ပါဒေသကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့လို့ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို အာဏာရှင် စစ်ကောင်စီကို တွန်းလှန်တော်လှန်တဲ့ တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ KIO အထိမ်းအမှတ်နေ့ ဂုဏ်ပြုပွဲ အခမ်းအနားအကြို ဂီတပွဲကျင်းပနေချိန် အောက်တိုဘာ ၂၃ရက်ညပိုင်းက စစ်ကောင်စီတပ် လေကြောင်းက တိုက်ခိုက်ခဲ့လို့ အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်သားပြည်သူတွေ နဲ့ KIO အရပ်ဘက် စစ်ဘက် ဝန်ထမ်းတွေ အများအပြား အသက်ဆုံးရှုံးခဲ့ရပါတယ်။
အခု တိုက်ခိုက်ခံရတဲ့ အနန့်ပါ ဒေသဟာ တပ်စခန်း တစ်ခု မဟုတ်ကြောင်း၊ ခရီးသွားတွေ ခေတ္တခဏ အနားယူကြတဲ့ စျေးဆိုင်တန်းစခန်းငယ်နေရာ ဖြစ်တာကို အာဏာရှင် စစ်ကောင်စီတပ်က သိရှိထားလျက် လူအစုလိုက် အပြုံလိုက် သေကြေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့လို့ တန်ဘိုးမဖြတ်နိုင်တဲ့ အရပ်သားပြည်သူတွေနဲ့ KIO အမှုထမ်းမြောက်များစွာ သေဆုံးခဲ့ရကာ ပြည်သူအများက ဝမ်းနည်းကြေကွဲထိတ်လန့်ခဲ့ကြရတယ်လို့ KIO ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဏာရှင်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံ ပြည်သူတွေရဲ့ သမိုင်းမှတ်ကျောက် အဖြစ် မှတ်တမ်းတင်ထားဖို့ KIO က တိုက်တွန်းထားပါတယ်။ KIO ရဲ့ ၆၂နှစ်ပြည့် နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးကော်မတီရဲ့ ဖိတ်ကြားမှုကို တန်ဘိုးထား အလေးထားကာ ပါဝင်တက်ရောက်တာကြောင့် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ ၊ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေ အားလုံးအတွက်များစွာ စိတ်မကောင်း ဝမ်းနည်းရကြောင်း၊ အသက်ဆုံးရှုံးသွားကြသူများ၊ ကျန်ရစ်သူမိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း အထူးဖော်ပြအပ်တယ်လို့ KIO က ထုတ်ပြန်ခဲ့ပါတယ်။
အာဏာရှင်စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် ဝမ်းနည်း ပူဆွေးထိတ်လန့်နေသူတွေကို အားပေးစကားပြောကြားတဲ့ လူပုဂ္ဂိုလ်တွေ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့တဲ့ အဖွဲ့အစည်းတွေ၊ သဘောထား ထုတ်ပြန်ချက် ထုတ်ပြန်တဲ့ အဖွဲ့တွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ထားအပ်တယ်လို့ KIO က ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးကို အရှိန်မြှင့်တင်မယ်လို့ အသိပေးကြေညာခဲ့ပါတယ်။
