အောက်တိုဘာ ၂၆၊ The Nation Voice
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ စစ်ရှောင်နေတဲ့ ပြည်သူတွေကို ဒီလ အောက်တိုဘာလကုန်နောက်ဆုံးထားပြီးနေရပ်ပြန်ဖို့နဲ့ မပြန်ရင် ကျူးကျော်အဖြစ် သတ်မှတ်အရေးယူမယ်လို့ မြို့နယ် စစ်ကောင်စီက စစ်ရှောင်စခန်းတာဝန်ရှိသူတွေကို ခေါ်ယူအသိပေးလိုက်ပါတယ်။ အောက်တိုဘာ ၁၉ရက်က ဘူးသီးတောင်က စစ်ရှောင်စခန်းတာဝန်ရှိသူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက ခေါ်ယူ အသိပေးတာဖြစ်ပြီး မပြန်ရင် ကျူးကျော်နေထိုင်မှု၊ ညမထွက်ရ အမိန့်တို့နဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ စစ်ရှောင်တွေကို ကိုးကားပြီး ရခိုင်သတင်းဌာန Western News က ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရခိုင်ဒေသခံတစ်ဦးက အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေမှာ စစ်ကောင်စီက ဒေသခံတွေကို နေရပ်ပြန်ခိုင်းတာဟာ သေတွင်းကို ပြန်ပို့တာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
“တိုက်ပွဲဖြစ်တဲ့ဧရိယာက ရှောင်ထွက်လာတဲ့သူတွေကို ပြန်သွားရမယ်ဆိုတာ ဒါ တမင်သပ်သပ် မင်းတို့အဲဒီမှာ ပြန်နေကြဆိုတာ မနေရဲလို့ ပြေးလာတာလေ တိုက်ပွဲတွေကြားထဲမှာ။ အထူးသဖြင့် စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်လို့ ပြေးလာကြတာ။ အဲဒါကို ပြန်ပြီး သေတွင်းပို့မယ်ဆိုတာ မဖြစ်သင့်ဘူး” လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ အတင်းအဓမ္မ နှင်ထုတ်ရင် အခြားနေရာ လွတ်ရာ ကို သာတိမ်းရှောင်ရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ဟာ ဩဂုတ်လကစပြီး တကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်စခန်းတွေကို AA က တိုက်ခိုက်သိမ်းပိုက်တာတွေ မကြာခဏ လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာဒေသတွေသာမက တိုက်ပွဲမဖြစ်တဲ့ဒေသတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးထိခိုက်တာ၊ ထွက်ပြေးတိမ်းရှောင်ရတာ တွေဖြစ်ပေါ်ခဲ့ပါတယ်။ ဘူးသီးတောင်က စစ်ရှောင်တွေကိုနေရပ်ပြန်ဖို့ စစ်ကောင်စီက အရင်ကလည်း အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီပေးတဲ့အဖွဲ့အစည်းတွေကို တားမြစ်ပိတ်ပင်တာတွေ စစ်ကောင်စီတပ်က လုပ်ဆောင်နေသလို ဒေသတွင်း သွားလာမှုတွေကိုလည်း ကန့်သတ်ထားတယ်လို့ ရခိုင်ဒေသခံ တွေကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၈ခုနှစ်လောက်ကနေ အခုအချိန်ထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ အခုနှစ် ဩဂုတ်လက စပြီး တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် (၈)သောင်းကျော်ရှိနေတယ်လို့ AA က ထုတ်ပြန်ထားပြီး ဘူးသီးတောင်မှာ စစ်ရှောင် (၃)ထောင်ခန့်ရှိတယ်လို့ ဆိုပါတယ်။
