အောက်တိုဘာ ၂၆၊ The Nation Voice
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ လှည့်လည်သွားလာနေပြီး ဒေသခံကျေးရွာတွေကိုမီးရှို့ဖျက်ဆီးကာ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဒီကနေ့မနက်(၇)နာရီလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းက ပြည်သူတွေကိုအကြမ်းဖက်နေတဲ့စစ်အုပ်စုဟာ စကားပင်အုပ်စု၊တံတားဖြူကျေးရွာ တံတားပေါ်မှာ ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေချိန် ပူးပေါင်းအဖွဲ့တွေက မိုင်းဘီလူး(၁)လုံးနဲ့ဖောက်ခွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။ ဖောက်ခွဲမှုဖြစ်စဉ်အတွင်းမှာ ပူးပေါင်းအဖွဲ့တွေဘက်က ပြည်သူတွေကိုမထိခိုက်အောင် သတိထားလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စကစဘက်က (၁)ဦးသေဆုံးကာ(၁)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ နဂါး ညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့၊ MDY PDF(Mongoose Squadron) တပ်ခွဲ၊တိုက်သိမ်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ NGU:FF(မြေခွေးတပ်ဖွဲ့) တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အောက်တိုဘာ(၂၂)ရက်နေ့တုန်းကလည်း ပြည်သူတွေကိုအကြမ်းဖက်နေတဲ့ စစ်အုပ်စုကို ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စကစဘက်က အရာရှိ(၂)ဦးအပါအဝင် (၁၂)ဦးသေဆုံးခဲ့ပါသေးတယ်။
