အောက်တိုဘာ ၂၆၊ The Nation Voice
မကွေးတိုင်း၊မြိုင်မြို့နယ်အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စကစအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံရွာသားတစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး တောထဲမှာ ယာယီတဲထိုးကာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
အရင်ကဆိုရင် အကြမ်းဖက်စကစစစ်ကြောင်းဟာ ကျေးရွာအတွင်းဝင်ရောက်မွှေနှောက်သောင်းကြမ်းပြီး တစ်ရက်၊နှစ်ရက်ကြာရင် ရွာထဲကပြန်ထွက်သွားတက်ပေမယ့် အခုအခါမှာရွာထဲကပြန်ထွက်မလာတာကြောင့် ဒေသခံပြည်သူတွေဟာစားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာရပါတယ်။
စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာရတဲ့ဒေသခံပြည်သူတွေကို မနေ့ကအောက်တိုဘာ(၂၅)ရက်နေ့မှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)MRGF ၊ We Love Myaing နဲ့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့-၁၊တပ်ခွဲ-၁ တို့ကအတူပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူတွေကိုစားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
“စစ်ဘေးရှောင်ပြည်သူများကို ဟင်းချက်စရာများအား လှူဒါန်းခဲ့ပါသည်။ စစ်ဘေးရှောင်ပြည်သူများကိုသွားရောက်လှူဒါန်းရာတွင် ပြည်သူများ၏ ဝမ်းသာပီတိနှင့် ပြည်သူများ၏ မေတ္တာကိုရခဲ့၍ ဝမ်းသာကျေနပ်ခဲ့ရပါသည်။ပြည်သူများဒုက္ခရောက်နေသည်ကို ကူညီပေးခြင်းသည် တော်လှန်ရေးလုပ်နေခြင်းဖြစ်၍ ပြည်သူများ၏ အသက်ကိုကာကွယ်ပေးခြင်းသည် PDFများ၏ တာဝန်တစ်ရပ်ပင်ဖြစ်ပေသည်”လို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)က ထုတ်ပြန် ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းကူညီလိုတာဒါမှမဟုတ် အကူအညီတောင်းလိုရင် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)ရဲ့ page messenger ကိုလာရောက်ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။
အခုလက်ရှိမှာအကြမ်းဖက်စကစတပ်ဟာ မြိုင်နယ်အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းကကျေးရွာတွေကို ဝင်ရောက်မွှေနှောက်သောင်းကြမ်းနေပြီး ဒေသခံပြည်သူပိုင်နေအိမ်တွေက ပစ္စည်းတွေကို ခိုးယူ၊မီးရှို့ဖျတ်စီးတာတွေအပြင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းစီး သတ်ဖြတ်တာတွေကိုပါ လုပ်ဆောင်လျှက်ရှိနေပါတယ်။





