MNRF အဖွဲ့က အသက်(၁၉)နှစ်သာရှိသေးတဲ့ ရဲဘော် အီးဇီး တိုက်ပွဲအတွင်းကျဆုံး

အောက်တိုဘာ ၂၆၊ The Nation Voice

Moe Nyo Revolution Force က အသက် (၁၉)နှစ်သာရှိသေးတဲ့ တော်လှန်ရေးရဲဘော်အီးဇီဟာ အောက်တိုဘာ(၂၄)ရက်နေ့က အကြမ်းဖက်စကစနဲ့ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ(၂၄)ရက် နေ့လည်ပိုင်းလောက်မှာ မြင်းမူဘက်ကနေ အရှေ့ဘက်ကို အင်အား(၁၅၀)နဲ့ ခြေလျှင်တက်လာတဲ့ အကြမ်းဖက်စကစစ်ကြောင်းကို တိုက်ခိုက်ဖို့စောင့်ဆိုင်းနေစဉ်မှာ အကြမ်းဖက်စစ်အုပ်စုဟာ မိုင်းကွင်းထဲမဝင်ပဲ နောက်ကျောကနေရောက်လာပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ ရဲဘော်အီးဇီးဟာ သူနဲ့အတူပါလာတဲ့ ရဲဘော်(၂)ယောက်မလွတ်နိုင်တော့မယ့်အခြေအနေမှာ သူတစ်ယောက်ထဲ အကြမ်းဖက်စကစတပ်သားတွေကို အယောင်ပြမျှားခေါ်ပြီး လက်လုပ်သေနတ်နဲ့ပြန်လည်ပစ်ခတ်ရင်း ကျဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

လက်လုပ်သေနတ်နဲ့သာ ပြန်လည်ပစ်ခတ်နိုင်တဲ့ရဲဘော်အီးဇီးကို အကြမ်းဖက်စကစတပ်က ပထမတစ်ချက် လက်မောင်းကိုပစ်ခတ်ပြီး ဒုတိယတစ်ချက်မှာ ဒူးခေါင်းကိုထိမှန်ကာ မပြေးနိုင်တော့တာကြောင့် ဖမ်းဆီးခံလိုက်ရပြီး မေးတာကိုမဖြေတာကြောင့် လူမဆန်စွာအသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကျဆုံးခဲ့ရတဲ့ရဲဘော် အီးဇီးဟာ (၁၀)တန်းကိုဂုဏ်ထူး(၂)ဘာသာနဲ့ အောင်မြင်ထားသူဖြစ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် လက်လုပ်သေနတ်ကိုကိုင်ကာ M.N.R.F တပ်ဖွဲ့ရဲ့ အထူးကွန်မန်ဒို တစ်ယောက်အဖြစ်လည်းကောင်း၊မိုင်းကျွမ်းကျင် ပညာရှင်တစ်ဦးအဖြစ်လည်းကောင်း၊တပ်ခွဲ (၂) တပ်စု (၃)ရဲ့ တပ်စုမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

“ရဲဘော်၏ ပေးဆပ်မှုသည် ကျွန်ုပ်တို့ M.N.R.F တစ်ဖွဲလုံးတင်မက တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ရင်ထဲတွင် နွေဦးတော်လှန်ရေး၏ သူရဲကောင်း အဖြစ် အမြဲကမ္မည်းထိုး မှတ်ကျောက်တင်ထားပြီး ဖြစ်သည်။ရဲဘော်၏ ပေးဆပ်မူ့ကို အလကားမဖြစ်စေရဟု ကျွန်ုပ်တို့ အဖွဲ့သားများမှ ရဲဘော် အီးဇီး နှင့် ပြည်သူလူထု တစ်ရပ်လုံးအား မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ရသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဂတိသစ္စာပြုပါသည်။”လို့ MNRFအဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

M.N.R.F အဖွဲ့ဟာ အကြမ်းဖက်စကစကို တိုက်ခိုက်ရာမှာ မောင်းပြန်သေနတ်တစ်လက်မှ မရှိသေးပဲ လက်လုပ်မိုင်း၊လက်လုပ်သေနတ်တွေနဲ့သာ အကြမ်းဖက်စကစကို အထိနာအောင် အဓိကထားတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *