အောက်တိုဘာ ၂၇၊ The Nation Voice
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မူးယစ်ဆေးတွေသုံးပြီး စစ်တိုက်နေတာဖြစ်ပြီး အရာရှိအဆင့်ကအစ အောက်ခြေရဲဘော်အဆင့်အထိ ဆေးသုံးနေတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောပါတယ်။
အဲဒီလို စစ်ကောင်စီတပ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ပတ်သက်ပြီး ဖမ်းဆီူရမိတဲ့ စစ်ကောင်စီတပ်တွေထံက မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတာနဲ့ စစ်သုံ့ပန်းတွေရဲ့ ဖွင့်ဟဝန်ခံချက်တွေကတဆင့် သိရှိရတာလို့လည်း ဦးရည်မွန်က နေ့စဉ်ထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ်မှာ ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
” စစ်သုံ့ပန်းတွေ လက်ရဖမ်းမိတဲ့အချိန်တိုင်း သူတို့ကိုယ်မှာ ဆေးပြားတွေ ဆောင်ထားတာ တွေ့ရသလို သူတို့ကိုယ်တိုင်လည်း ဆေးသုံးပြီးမှ ရှေ့တန်း ထွက်ရဲတော့တယ်ဆိုတာ ဝန်ခံကြတယ်။ သက်သေတွေ၊ အထောက်အထားတွေ၊ ငါတို့ရရှိထားတယ် ” လို့ ဦးရည်မွန်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကို မူးယစ်ဆေးနဲ့ထိန်းချုပ်ပြီး သူတို့လုပ်ခိုင်းစေချင်တဲ့ အရာတွေကို အထက်အရာရှိအဆင့်ဆင့်က လုပ်ဆောင်ခိုင်းစေနေပြီး မူးယစ်ဆေးသုံးထားတဲ့ စစ်သားတွေဟာ အကြမ်းဖက်လုပ်ရပ်တွေကို လက်မရွံတန်းလုပ်ဆောင်နေတဲ့အတွက် PDF ရဲဘော်များအနေနဲ့ သတိဝိရိယပိုထားကာ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်လို့လည်း သတိပေးပါတယ်။
စစ်ကောင်စီတပ်တွေမှာပဲ မူးယစ်ဆေးဝါးတွေသုံးစွဲနေတာမဟုတ်ဘဲ သူတို့ရဲ့လက်အောက်ခံ ပျူစောထီး၊ ပြည်သူ့စစ်၊ ဒလံသတင်းပေးတွေကလည်း မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်သုံးစွဲရုံသာမက ဖြန့်ဖြူးနေတာတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
