KNU တပ်မဟာ(၅)နယ်မြေမှာ (၅)ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က (၈)ဦးထက်မနည်းသေဆုံး

အောက်တိုဘာ ၂၇၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ နေ့စဉ်ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ တပ်မဟာ(၅)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ အောက်တိုဘာ ၂၂ရက်ကနေ အောက်တိုဘာ ၂၆ရက် အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မဟာ(၅)က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ရက် ဆာလော်ကျိုးစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က (၁)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖာပွန်ခရိုင် မထောရွာနဲ့ မြေနီကုန်းရွာကြားမှာ အောက်တိုဘာ ၂၅ရက်က တိုက်ပွဲ (၂)ကြိမ်ဖြစ်ခဲ့ပြီး အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက် အခြေအနေမသိရသေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၄ရက်မှာ ကတိုင်တိရွာနဲ့ ဘောကျို့လယ်ရွာအကြား တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်က (၄)ဦးသေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာ ၂၃ရက် နိုခေးဒေး ဒေသ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က (၁)ဦးသေ ၊ (၁)ဦး ဒဏ်ရာရခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၂ရက်ကလည်း ရင်ဆိုင်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က (၂)ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၂ရက်ကနေ ၂၆ရက်နေ့ အထိ ၅ရက်တာ ကာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က (၈)ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။

စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံ နေအိမ်အချို့ ထိခိုက်မှု ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *