NUG ရဲ့ PDF နဲ့ မောင်ဆောင်းခတို့ရဲ့ BPLA စစ်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူ

အောက်တိုဘာ ၂၇၊ The Nation Voice

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) တို့ သက်ဆိုင်ရာဒေသတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားဖို့ မနေ့ကပြုလုပ်တဲ့ ဆွေးနွေးမှုမှာ သဘောတူခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ(၂၆)ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နဲ့ BPLA မှ ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အခုလို သဘောတူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့နဲ့ အတူတကွ လက်တွဲဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ အခန်းကဏ္ဍနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်တွေကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

BPLA ဟာ ကရင်အမျိုးသာာအစည်းအရုံး (KNU) တပ်မဟာ(၅)နယ်မြေမှာ လှုပ်ရှားတိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *