အောက်တိုဘာ ၂၈၊ The Nation Voice
တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေအပါအဝင် လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ခေါင်းဆောင်ပိုင်း ပြန်လည်ရွေးချယ်ရမယ့် ကရင်အမျိုးသားအစည်းအရုံး(KNU) ညီလာခံကို ရွှေ့ဆိုင်းလိုက်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။
အောက်တိုဘာ ၂၄ရက်က KNU ညီလာခံ ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်နဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ညီလာခံရွှေ့ဆိုင်းဖို့ ခရိုင်နဲ့ တပ်မဟာ ခေါင်းဆောင်တွေက တင်ပြလာလို့ အခုလို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၃ရက်က စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နယ်မြေမှာ ပြည်သူလူထုတွေ ပါဝင်တဲ့ ဂီတဖျော်ဖြေပွဲကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနုပညာရှင်တွေ၊ ပြည်သူတွေအပါအဝင် သေဆုံးသူ (၆၀)ကျော်၊ ဒဏ်ရာရသူ(၆၀)ကျော်ရှိခဲ့ပါတယ်။
“ ဒီအောက်တိုဘာလ ၂၄ရက်မှာ ကွန်ကရက်ကို ခေါ်ဖို့ဆိုတာ သေသေချာချာကို ဆုံးဖြတ်ချက် ချပြီး စီစဉ်မှု ပြုတာ အကုန်လုံးက အပြည့်အစုံပါပဲ” လို့ ပဒိုစောတောနီးက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းထိုးစစ်တွေ ဗုံးကြဲတာတွေ တိုးပြီး လုပ်လာတာနဲ့ စစ်ရေးအခြေအနေတွေကြောင့် ခရိုင်နဲ့ တပ်မဟာခေါင်းဆောင်တွေရဲ့ တင်ပြချက်အပေါ်မှာ ညီလာခံ ရွှေ့ဆိုင်းဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် KNUနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ (၇၀၀၀) ခန့်ဖြစ်ခဲ့တယ်လို့လည်း ပဒိုစောတောနီးက ပြောကြားခဲ့ပြီး တိုက်ပွဲပြင်းထန်နေချိန်မှာ ခရိုင်နဲ့ တပ်မဟာ ခေါင်းဆောင်တွေ ညီလာခံတက်ဖို့နဲ့ ခရီးသွားလာရေး အခက်အခဲတွေရှိတယ်လို့ ပြောပြပါတယ်။
KNU ညီလာခံကို ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေး ၊ စစ်ရေး အခြေအနေတွေကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
“ရွှေ့ဆိုင်းနိုင်တဲ့ကာလ ၂နှစ်ကျော်လွန်သွားတယ်ဆိုပေမယ့် ဖွဲ့စည်းပုံအခြေခံရဲ့ ပြဌာန်းချက်အရ ဗဟိုအမြဲတမ်း ကော်မတီက ပျက်ပြယ်သွားတယ်ဆိုတာ မပါပါဘူး။ အဲဒါကြောင့် လက်ရှိ ကာလမှာ ဗဟိုအမြဲတမ်း ကော်မတီက ဆက်လက်ပြီး ရပ်တည်သွားမှာ ဖြစ်ပြီး ကွန်ဂရက် တစ်ခုနဲ့ တစ်ခုအကြားမှာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ ပဒိုစောတောနီးက ရှင်းပြပါတယ်။
KNU ညီလာခံမှာ KNU ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုအမြဲတမ်းကော်မတီဝင်တွေ ရွေးချယ်တာ၊ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပြန်သုံးသပ်တာ၊ ရှေ့လုပ်ငန်းစဉ်တွေချမှတ်တာ တွေ လုပ်ဆောင်လေ့ရှိပါတယ်။
